"ဝ" ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေးဖို့ သဘောတူမှုဟာ ခွဲခြားသပ်လျှိုမှု ဖြစ်

"ဝ" ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေးဖို့ သဘောတူမှုဟာ ခွဲခြားသပ်လျှိုမှု ဖြစ်

စစ်ကောင်စီက "ဝ" ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ကို မူအားဖြင့် သဘောတူညီတာဟာ တရားဝင်မှုအရ မေးခွန်းထုတ်စရာတွေ ရှိနေသလို တိုင်းရင်းသားတွေကို ခွဲခြားသပ်လျှိူတာလားလို့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA/မိုင်းလား) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်တို့က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံဆွေးနွေးမှုမှာ “ဝ” ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ကို မူအားဖြင့် သဘောတူညီခဲ့ပြီး နောင်လွှတ်တော်ပေါ်လာရင် စစ်ကောင်စီအနေနဲ့ ထောက်ခံရပ်တည်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ မြန်မာပိုင်းသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ အခုကိစ္စရပ်မှာ စစ်ကောင်စီအနေနဲ့ မူအားဖြင့် ခွင့်ပြုတယ်ဆိုတဲ့အပေါ် တရားဝင်မှု ဘယ်လောက်ရှိသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။

“ ဝ ခေါင်းဆောင်တွေက ပြည်နယ်တောင်းဆိုနေတာဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်မို့လို့ သူတို့ ရဲ့ အခွင့်အရေး မို့လို့ ကျွန်တော်တို့ က အသိအမှတ်ပြုပါတယ်။ဒါပေမယ့် မူအားဖြင့် လက်ခံသဘောတူပါတယ်၊ ခွင့်ပြုပါတယ်ဆိုတဲ့ အခြားတစ်ဖက်က Legitimacy ဘယ်လောက်ရှိသလဲ။ သက်ဆိုင်ရာ ဒေသရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ ပိုင်ဆိုင်တာလား၊ မူရင်းပိုင်ရှင်က ပြည်သူလူထုဖြစ်တယ်။အဲဒီပြည်သူလူထုတွေကို မမေးမစမ်းဘဲနဲ့ သူတို့စိတ်တိုင်းကျ လုပ်နေတာဟာ ညီညွတ်ရေးလား၊ ဒါမှမဟုတ် ခွဲခြားသပ်လျှိုနေတာလား။ ဒါမေးစရာဖြစ်တယ်။နိုင်ငံရေးပြဿနာကို ဆေးမြီးတိုနဲ့ ကုစားနေတာလို့ မြင်တယ်။အဲဒီလိုပဲ ဆက်လုပ်နေရင်တော့ အနာဂတ်ကို ဖျက်ဆီးနေတာပဲလို့ မှတ်ချက်ပေးလိုတယ်”လို့ သူက ဆိုပါတယ်။

“ဝ” ဒေသကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့နယ် ခြောက်ခုကို ခရိုင် နှစ်ခု ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းသတ်မှတ်ထားတာပါ။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) တွေထဲမှာ စစ်ရေးနဲ့ လက်နက်ပိုင်း ဆိုင်ရာတွေမှာ အလေးသာ အင်အားကြီးတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ၊ ကိုယ်ပိုင်တရားစီရင်ရေးတွေနဲ့ နိုင်ငံတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ ပြည်နယ် ၇ ခုရဲ့ အဆင့်တွေထက် သာလွန်နေတဲ့ အနေအထားဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

ဦးသန်းစိုးနိုင်ကတော့ “ဝ အနေနဲ့ စကစက ဒီလိုသဘောထား ပေးသည် ဖြစ်စေ ၊ မပေးသည်ဖြစ်စေ အခုကလည်း သူ့ဟာသူ ပြည်နယ်အဆင့်တန်းနဲ့ သူ့အနေအထားက သီးခြား ရပ်တည် နိုင်တဲ့ အခြေအနေ ရှိပါတယ်။ စကစက ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပါဘူး။သူတို့ သီးခြား ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တယ်၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ အခြေအနေ အဆင့်တန်းရှိတဲ့ အနေအထားကို ရောက်နေကြပါတယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူပေးလိုက်တဲ့ “ဝ” ပြည်နယ်ဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲကနေတစ်ဆင့် လွှတ်တော်ပေါ်လာရင် ကိုယ်စားလှယ်တွေက အတည်ပြုပေးမှသာ တရားဝင် ပြည်နယ် တစ်ခု ဖြစ်လာမှာပါ။

အလားတူ မိုင်းလားကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ မိုင်းလားကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် သတ်မှတ်ထားတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကနေ ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအထိ ၃ ကြိမ်စလုံးမှာ ရှမ်းပြည်နယ်က မိုင်းလားအထူးဒေသ (၄) နဲ့ “ဝ” အထူးဒေသ (၂) တို့မှာ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီရဲ့ သဘောတူညီမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်ဖို့ အများကြီး ဆွေးနွေးဖို့ လိုအပ်ဦးမယ်လို့ သုံးသပ်တာပါ။

“လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ဆို ကန့်သတ်မှုက အများကြီးရှိနေသေးတယ်။ အထူးသဖြင့် ဒေသငြိမ်းချမ်းရေး ဆိုတဲ့ဟာကို စဉ်းစားရဦးမှာဖြစ်တယ်။နောက်တစ်ခုက ၂၀၀၈ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ အဲဒီဟာအပေါ်မှာ ပြည်နယ်တစ်ခုဖြစ်ဖို့ ပြည်နယ်အင်္ဂါရပ်နဲ့ ညီတဲ့ ပြည်နယ် လွှတ်တော် ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲလုပ်ဖို့ ပြီးသွားရင် ၂၀၀၈ ဖွဲ့စည်းပုံအရဆို ကြိမ်းသေ ပြည်နယ်တစ်ခုဖြစ်သွားရင် သူတို့ရဲ့ ပြည်နယ်လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း စစ်သားအမတ်တွေက ပါကိုပါရမယ်ဆိုတဲ့ဟာ ရှိနေတယ်။ အဲဒါတွေက ဆက်ပြီး အများကြီး ဆွေးနွေးဖို့ လိုဦးမယ်။ ကျွန်တော့်အမြင်က လက်တွေ့မှာ အကောင်ထည်ဖော်ဖို့ ကန့်သတ်ချက်တွေ အများကြီး ရှိနေသေးဦးမယ်လို့ မြင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုလို “ဝ” အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) တို့ကို ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ မူအားဖြင့် သဘောတူညီတာဟာ နွေဦးတော်လှန်ရေးမှာ မပါဝင်လာဖို့ စည်းရုံထားတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေတာပါ။

(UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင်တွေ ဖြစ်တဲ့ “ဝ” အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအောင်း (TNLA) တို့ ကိုယ်စားလှယ်တချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း “ဝ” ထိန်းချုပ်ဒေသမှာ တွေ့ဆုံထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...