မွန်မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးနေ

မွန်မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးနေ

မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက် လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုမိုကြာမြင့်တာကြောင့် လူမှုစီးပွားဘဝတွေ ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု ၁၂ နာရီ အစား ၁၄ နာရီထိ တိုးမြှင့်ပေးသွားမယ်လို့ အာဏာသိမ်း သမ္မတခန့် လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးသွားမယ့်လို့ ပြောဆိုနေပေမယ့် ဒေသတွင်းမှာတော့ တစ်ရက်ကို အနည်းဆုံး ၆ နာရီမှ အများဆုံး ၈ နာရီအထိသာ လျှပ်စစ်မီးရရှိတဲ့အပြင် တချို့ ရက်တွေမှာ ၃ နာရီလောက်သာ ရရှိတဲ့အတွက် လူမှုစီးပွားဘဝတွေ အခက်ကြုံနေရပါတယ်။

ဒေသခံ တစ်ဦး ကတော့ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာကြောင့် ရေတင်ချိန်တောင် မမှီတဲ့အတွက် ရေဝယ်ယူ သုံးစွဲရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာတာကြောင့် ထမင်းချက်ပြုတ်စားသောက်မှုအပါအဝင် အလုပ်လုပ်ကိုင်ဖို့ကအစ အခက်အခဲ ဖြစ်နေကြတာပါ။

ဒေသတွင်းမှာတော့ အပူချိန် မြင့်တက်လာမှုနဲ့ အတူ လျှပ်စစ်မီး ရရှိချိန်ဟာ အလှည့်ကျ စနစ်နဲ့ ၂ နာရီ ဝန်းကျင် လာကာ ၆ နာရီလောက် ပြတ်တောက်သလို ပေးချင်တဲ့ အချိန် ပေးတာတွေ ကြောင့်လည်း လူမှုစီးပွားဘဝတွေ ထိခိုက်မှု ရှိလာတာ ဖြစ်ပါတယ်။

အခုလို လျှပ်စစ်မီး ရရှိချိန် နည်းပါးတဲ့အတွက် ဒေသတွင်းက လျှပ်စစ်မီးကို အားကိုး လုပ်ကိုင်ရတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ အပြင် စက်ရုံတွေမှာပါ လုပ်ငန်း လည်ပတ်ဖို့အတွက် အခက်အခဲတွေ ဖြစ်လာရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ လျှပ်စစ်မီးဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က နေ့စဉ်နီးပါး အချိန်မှန် ရရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတော့ သလို လျှပ်စစ်မီး ပြတ်တောက်ချိန်ကလည်း တစ်နေ့တစ်ခြား ပိုမို ဆိုးရွား လာတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...