မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ လိုက်နာရန်စည်းကမ်းချက်များ ထုတ်ပြန်၊ ချိုးဖောက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်

မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ လိုက်နာရန်စည်းကမ်းချက်များ ထုတ်ပြန်၊ ချိုးဖောက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်

အိန္ဒိယနိုင်ငံ၊ မီဇိုပြည်နယ်အတွင်း စစ်ဘေးရှောင်လာသူများ အတွက် စည်းကမ်းချက်များ ထပ်မံထုတ်ပြန်လိုက်ပြီး လိုက်နာမှုမရှိ ချိုးဖောက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း Deputy Commissioner နှင့် District Task Group on Myanmar Refugees ဥက္ကဋ္ဌ ဖြစ်သည့် Dr. Lalhriatzuali မှ စက်တင်ဘာလ ၂၈ရက်နေ့တွင် ထုတ်ပြန်သည်။

“မြေပြင်မှာ စစ်ဘေးရှောင်တွေက ဒေသခံတွေ အမြင်မကြည်လင်စရာ ၊ မျက်စိစပါးမွေးစူးစရာ နေထိုင်သွားလာတဲ့ အပြုအမူတွေရှိတယ်၊ အဲဒါကြောင့် အခုလို စည်းကမ်းချက်တွေထုတ်တာဖြစ်နိုင်တယ်။ တကယ်အရေးယူမယူကတော့ စောင့်ကြည့်ရမှာပေါ့၊ သူများနိုင်ငံမှာ လာနေရင် အဲဒီဒေသက လူနေမှုပုံစံတွေကို လေးစားလိုက်နာကျင့် သုံးကြဘို့တော့ လို့မယ်ထင်တယ်” ဟု စစ်ဘေးရှောင်များ ကူညီပေးနေသည့် လူမှုအဖွဲ့ အစည်းတစ်ခုမှ အမည်မဖော်လိုသော ခေါင်းဆောင်တစ်ဦးမှ ပြောသည်။

မြန်မာနိုင်ငံရေးမတည်ငြိမ်မှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြသော စစ်ဘေးရှောင်များ လိုက်နာရန်ထုတ်ပြန်သော စည်းကမ်းချက် (၁၁) ချက် ပါရှိကြောင်းသိရသည်။

ယင်းထဲတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအတွင်းသို့ ခိုလှုံလာသော စစ်ဘေးရှောင်များအနေဖြင့် Local/ Village Level Task Group on Myanmar Refugees သို့ သတင်းပို့ရမည် ဖြစ်ပြီး ကိုယ်ရေးအချက်အလက်များဖြည့်သွင်း ကြားနာပြီးနောက် ၎င်းမှတစ်ဆင့် ကော်မရှင်နာမင်းကြီးရုံး ( Deputy Commissioner's Office) တွင် စစ်ဘေးရှောင်အသိအမှတ်ပြုကဒ် (Identity Card) ပြုလုပ်ရမည်ဖြစ်ကြောင်း ဆိုသည်။

အိုက်ဇောလ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်း (Relief Camp) များတွင် နေထိုင်ကြမည့် မည်သူမဆို ကော်မရှင်နာမင်းကြီး (သို့မဟုတ်) ၎င်းကိုယ်စားပြုသူ တစ်ဦီးထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များအနေဖြင့် မိမိတို့သဘောဆန္ဒဖြင့် ဆိုင်များဖွင့်ခြင်းနှင့် တရာဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုလုပ်ရန် ၊ မီဇိုရမ်ပြည်နယ်အတွင်း ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ ကို ဆန့်ကျင်ပြီး မပြုရန်နှင့် အိန္ဒိယနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာ၍ ချိုးဖောက်ခြင်း မပြုရန်သတိ ပေးထားသည်။

ယာယီခရီးသွားလိုသူများ (သို့မဟုတ်) နေထိုင်ရာမှ အခြားအရပ်သို့ ပြောင်းရွှေ့သူများ သက်ဆိုင်ရာတာဝန်ရှိသူများမှ တစ်ဆင့် ကော်မရှင်နာရုံးသို့ သတင်းပို့ပြီး Movement permit လက်မှတ်ရယူရမည်ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များအနေဖြင့် မီဇိုရမ်ပြည်နယ် တည်ဆဲဥပဒေ 'The Mizoram Land Revenue Act, 2013' အရ မည်သူမှ အိမ်ခြံမြေဝယ်ယူခွင့်မရှိသည့်အပြင် ပိုင်ဆိုင်ခွင့်မရှိသဖြင့် ပိုင်ရှင်များအနေဖြင့် ဥပဒေချိုးဖောက်ပြီး ရောင်းဝယ်လွှဲပြောင်းခြင်းမပြုရကြောင်း ဆိုသည်။

မြန်မာစစ်ဘေးရှောင်များအနက် မော်တော်ဆိုင်ကယ် ၊ ယာဉ်များပါလာသူများ သက်ဆိုင်ရာ ရပ်ကျေး စစ်ဘေးရှောင်ကော်မတီများသို့ အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး တရားဝင်လမ်းကြောင်းဖြင့် အိန္ဒိယ/မီဇိုရမ်သို့ ဝင်ရောက်လာသူများ နိုင်ငံတကာယာဉ်မောင်းနှင်ခွင့်ရှိသူ International Driving Permit (IDP) လိုင်စင် ရှိသူမှ အပ မည်သည့်ယာဉ်မှ မောင်းနှင်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် တရားမဝင်လမ်းကြောင်းဖြင့် နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသည့် Aadhar Card/ မဲပေးခွင့်လက်မှတ် Voter ID ၊ ယာဉ်မောင်းလိုင်စဉ် Driving License မပြုလုပ်ကြရန်နှင့် အဆိုပါစည်းမျဉ်းစည်းကမ်းများနှင့် အသိပေးချက်များကို မီဇိုရမ်သို့ ရောက်ရှိနေကြသည့် မြန်မာစစ်ဘေးရှောင်များအနေဖြင့် လိုက်နာပေးကြရန် အသိပေးအပ်ကြောင်း ဖော်ပြထားသည်။

ယင်းအချက်များအား လိုက်နာနေထိုင်နိုင်စေရေးအတွက် ရပ်ကွက်ကျေးရွာများရှိ Local/ Village Level Task Group on Myanmar Refugees နှင့် လူမှုရေးအသင်း အဖွဲ့များမှ ဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိ ချိုးဖောက်မှုများရှိပါက တည်ဆဲ ဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်းတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိကြောင်း နှင့် လတ်တလော မူးယစ်ဆေးဝါးများ အကြိမ်ရေစိပ်စိပ်နှင့် ပဏာမများများ ဖမ်းဆီးရမိနေချိန်တွင် ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...