လွိုင်ကော်တွင် ခရီးသည်တင်လေယာဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

လွိုင်ကော်တွင် ခရီးသည်တင်လေယာဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လေယာဉ်ကို တွေ့ရစဉ်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လေယာဉ်ကို တွေ့ရစဉ်။

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့တွင် စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးမှာ လေဆိပ်သို့ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ် ATR-72 လေယာဉ်အမှတ် XY-AML မှာနံနက် (၈) နာရီ (၄၅) မိနစ်အချိန်၌ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း လွိုင်ကော်လေဆိပ်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“နေပြည်တော်ကနေ လွိုင်ကော်ကိုလာတဲ့ လေယာဉ်ဆင်းနေတုန်း သေနတ်နဲ့ အပစ်ခံရတာ။ အပြင်ကနေ ပစ်တာပါ။ လေယာဉ်အတွင်းပိုင်းထဲကို ထိမှန်သွားတယ်။ အဲလောက်ပဲ သိရပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ပစ်ခတ်ခံရမှုအတွင်း အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးတွင် ပေါင်နှင့်ခြေထောက်၌ ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် အသက် (၅၀) ဝန်းကျင် အမျိုးသားတစ်ဦးတွင် မျက်နှာရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် လွိုင်ကော် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသလူမှုကူညီရေး အသင်းများထံမှ သိရသည်။

လေယာဉ်ပစ်ခတ်ခံရမှုအတွင်း ထိခိုက်ခဲ့သူနှစ်ဦးမှာ လွိုင်ကော်မြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

“ဧက (၅၀၀) ရပ်ကွက်မှာနေတဲ့ တစ်ယောက်က ပါးကိုထိတယ်။ နောက်တစ်ယောက်က ပေါင်နဲ့လက်ကိုထိတယ်။ ဒဏ်ရာအတော်ပြင်းတယ်”ဟု အဆိုပါမြို့ခံကဆိုသည်။

လေယာဉ်ပစ်ခတ်ခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့အစည်း လက်ချက်ဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။ အဆိုပါ လေယာဉ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲဖြစ်သည်။

ရန်ကုန်-လွိုင်ကော်နှင့် နေပြည်တော်-လွိုင်ကော်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မတ်လက ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတို့ကြောင့် ပြေးဆွဲမှုရပ်နားခဲ့ပြီး ယခုနှစ် မေလမှစတင်ကာ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...