မြောက်ဦး မောင်းဆွဲကျေးရွာထဲ လက်နက်ကြီးကျည်ကျရာမှ ကလေးငယ် ၂ ဦးဒဏ်ရာရ၊ ဆေးကုသခွင့်မရဖြစ်နေ

မြောက်ဦး မောင်းဆွဲကျေးရွာထဲ လက်နက်ကြီးကျည်ကျရာမှ ကလေးငယ် ၂ ဦးဒဏ်ရာရ၊ ဆေးကုသခွင့်မရဖြစ်နေ

မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာတွင် လက်နက်ကြီးထိမှန်၍ ကလေးငယ် ၂ ဦးဒဏ်ရာရရှိထားသော်လည်း ဆေးကုသခွင့်မရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီကျော်တွင် မြောက်ဦးအခြေစိုက် တပ်ရင်း ၃၇၇ နှင့် ၃၇၈တို့ မောင်းဆွဲရွာ အနီးဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းအထဲက လက်နက်ကြီးကျည်တစ်လုံးသည်  ဦးရွှေစိန်လှ၏ နေအိမ်သို့ ထိမှန်ကျရောက်ခဲ့ပြီး  နေအိမ်ပျက်စီးသွားခဲ့သလို   ဦးရွှေစိန်လှ၏ (၁၃) နှစ် နှင့် (၄) နှစ်အရွယ် သမီးနှစ်ဦးလည်း  ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကလေးနှစ်ဦးကို မြောက်ဦးဆေးရုံသို့ အရေးပေါ်ကားနှင့် ဆေးကုသနိုင်ရန် စီစဉ်သော်လည်း မြောက်ဦး အခြေစိုက် စစ်ကောင်စီ တပ်ရင်းတို့က မောင်းဆွဲကျေးရွာဘက်သို့ ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် လက်ရှိမှာ ရပ်ရွာအတွင်းရှိ အိမ်တွင်းဆေးဝါးများဖြင့်သာ ကုသထားရသည်ဟု ၎င်းက ပြောသည်။

 

"၂ နာရီကျော်မှာ ရွာထဲကို လက်နက်ကြီးကျတာပါ။ အိမ်မှာ လက်နက်ကြီးကျပြီး အိမ်လည်းပြိုတယ်။ ကလေး နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ပါဘူး။ မြောက်ဦးဆေးရုံကို နာရေးကားနဲ့ ယူဖို့ ပြောဆိုထားပေမယ့် စစ်တပ်က မယူရလို့ အခုထိ ဆေးကုသခွင့် မရဘဲ ဟင်းခင်းထဲမှာပဲ ဆေးတိုဝါးစလေးနဲ့ ကုထားရပါတယ်" ဟု ပြောသည်။

ယနေ့ နေ့လယ်က စစ်တပ်သွားနေကျ  မောင်းဆွဲဘက်သို့ သွားလမ်းတွင် အေအေက မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အတွက် စကစ စစ်သား နှစ်ယောက် သေဆုံးသည်ဟု ကြားသိရကြောင်း၊  သို့အတွက် မောင်းဆွဲရွာ အပါအဝင် အနီးအနားရှိ လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။

နောက်ထပ် မောင်းဆွဲ ဒေသခံတစ်ဦးက "အခုထိ လက်နက်ကြီးပစ်နေတာ ၇ လုံးလောက်ရှိပါပြီ။ အခု အဲ့ဒီရွာနားကို ဘယ်သူ့ကိုမှ ဖြတ်သွားခွင့်မပြုဘူးလို့ ပြောတယ်။ မောင်းဆွဲရွာကနေ မြောက်ဦးမှာ ကျောင်းတက်တဲ့ကလေးတွေ ရှိပါတယ်။ ကျောင်းဆင်းလို့ ကလေးတွေ ပြန်တာကိုတောင် တပ်ရင်း ၃၇၇ နဲ့ ၃၇၈ က အဲ့ဒီရွာတွေဘက်ကို လုံးဝဖြတ်သွားခွင့်မပြုဆိုပြီး မပြန်ရဘဲ တားထားတယ်လို့ ပြောပါတယ်" ဟု ပြောသည်။

မြောက်ဦးအခြေစိုက်တပ်ရင်းများဖြစ်သည့် တပ်ရင်း ၃၇၇ နှင့်  ၃၇၈ တပ်ရင်းများမှ လက်ရှိ ညနေ ၆နာရီကျော်အထိ မောင်းဆွဲကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်နေသဖြင့်  ထိခိုက်ပျက်စီးမှုများ ထပ်မံရှိလာမည်ကို  ဒေသခံများက စိုးရိမ်မိကြောင်း ပြောသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...