စေတီပြင်-ကျောက်ပန်းတူ တောင်ကျော်လမ်းတွင် ရိက္ခာယူရန်ဆင်းသည့် စကစတပ်ဖွဲ့ကို အေအေတိုက်ခိုက်

စေတီပြင်-ကျောက်ပန်းတူ တောင်ကျော်လမ်းတွင် ရိက္ခာယူရန်ဆင်းသည့် စကစတပ်ဖွဲ့ကို အေအေတိုက်ခိုက်
စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်ကားလမ်းကို ဖောက်လုပ်စဉ်က တွေ့ရစဉ်
စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်ကားလမ်းကို ဖောက်လုပ်စဉ်က တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်ကားလမ်းပေါ်တွင် ရိက္ခာဆင်းယူသည့် စကစတပ်ဖွဲ့တစ်ခုကို သင်္ကန်းတောင်အနီး၌ ရက္ခိုင့်တပ်တော် (AA) က  ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရကြောင်း အနီးအနားရှိ ဒေသခံများက ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီ ကျော်ခန့်တွင် တောင်ပေါ်က ရိက္ခာဆင်းယူသည့် စစ်ကောင်စီတပ်ကို အေအေက တိုက်ခိုက်ရာမှ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက် တပ်ဖွဲ့များအနေဖြင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်  ကြားခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။

" ကျောက်ပန်းတူနဲ့ စေတီပြင် တောင်ကျော်ကားလမ်း ကြားမှာရှိတဲ့ တောင်ကုန်းမှာ ဖြစ်တာပါ၊ ဒေသခံတွေက သင်္ကန်းတောင်လို့ ခေါ်ပါတယ်။ အပြန်အလှန် လက်နက်ကြီးလက်နက်ငယ် ပစ်သံတွေ ကြားနေရပါတယ်။ ‌တောင်ပေါ်မှာဆိုတော့ ထိခိုက်ကျဆုံးမှုတွေကတော့ မသိရသေးပါဘူး။ အခုတော့ ငြိမ်သွားပါပြီ " ဟု ယမန်နေ့ ညနေ ၃ နာရီကျော်က ပြောသည်။

ယနေ့ ဖြစ်သည့် တိုက်ပွဲသည် မွန်းလွဲ  ၂ နာရီ‌ကျော်မှ ညနေ  ၃ နာရီခန့်အထိ မိနစ် ၃၀ခန့် လောက် ဖြစ်ပွားခဲ့သည်ဟု တခြားဒေသခံတစ်ယောက်က ပြောသည်။

" ဒီနေ့  နေ့ခင်းဘက်လောက်က ဖြစ်တာ။ မိနစ် ၃၀လောက် ဖြစ်ခဲ့ပါတယ်။ ကြားရတဲ့အသံအရကတော့ အပြန်အလှန်တိုက်ပွဲဖြစ်သံလို့ယူဆလို့ရပါတယ်။ ရွာတွေဘက်မှာ ထိခိုက်မှုတော့မရှိပါဘူး။ "ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်‌ကလည်း စေတီပြင် အထက်နန်းရာကုန်းအထက်က စေတီတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ နယ်ခြားစောင့် စခန်းကို အေအေက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၇ နှင့် ၂၈ ရက် ညများတွင် ရသေ့တောင်တွင် တပ်စွဲထားသည့်  ၅၃၆၊ ၅၃၇၊ ၅၃၇ တပ်ရင်းမှ  လက်နက်ကြီးကျည်များဖြင့်  အနီးအနားရှိ တောင်တန်းများကို လှမ်းပစ်မှုများရှိခဲ့သည့် အတွက်ကြောင့် ပိတောက်မြိုင်ရွာနှင့် ပြင်ရှည်ရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ရွာသားများ စိုးရိမ်ထိတ်လန့်ပြီး ရွာကနေ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...