စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်နှင့် အဆောက်အအုံ ၃၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP အဖွဲ့ထုတ်ပြန်

စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်နှင့် အဆောက်အအုံ ၃၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP အဖွဲ့ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခကြောင့်   ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ယခုလ စက်တင်ဘာ ( ၁၅) ရက်နေ့ အထိ နိုင်ငံအဝန်းရှိ နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများ အပါအဝင်)  ၃၆,၂၀၉  လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရသည်ဟု Institute for Strategy and Policy - Myanmar အဖွဲ့က စက်တင်ဘာလ (၂၉) ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်နယ်နှင့်တိုင်း (၁၁) ခု မှ နေအိမ်နှင့် အဆောက်အဦ (၃၆,၂၀၉ ) လုံး ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းတွင် (၂၅,၃၇၇) လုံး အထိဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး အရေအတွက်၏ (၇၀) ရာခိုင်နှုန်း အထိရှိကြောင်းဖော်ပြထားသည်။

ISP-Myanmar ၏ စာရင်းများအရ စစ်ကိုင်းတိုင်းတွင် (၂၅၃၇၇) လုံး၊ မကွေးတိုင်းတွင် (၈၁၁၉) လုံး၊ ချင်းပြည်နယ်တွင် (၁၁၇၅) လုံး၊ ကယားပြည်နယ်တွင် (၄၃၈) လုံး ၊ ကချင်ပြည်နယ်တွင် (၄၀၅) လုံး၊ရှမ်းပြည်နယ်တွင် (၂၆၂) လုံး ၊မွန်ပြည်နယ်တွင် (၁၅၉) လုံး၊ မန္တလေးတိုင်းတွင် (၁၁၁) လုံး၊ တနင်္သါရီတိုင်းတွင် ၁၀၁ လုံး၊ ကရင်ပြည်နယ်တွင်( ၃၃) လုံး၊ ပဲခူးတိုင်းတွင် (၂၉) လုံး စုစုပေါင်း (၃၆၂၀၉) လုံးအထိရှိကြောင်း သိရသည်။

ထိုနေအိမ်၊ အဆောက်အအုံများသည် တိုက်ပွဲဖြစ်ပွားနေစဉ် မီးရှို့ခံရခြင်း၊ တိုက်ပွဲများအကြား လက်နက်ကြီးကျည်များကျရောက်ခြင်းနှင့်  စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းများဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက်အအုံ မီးရှို့ခံရမှုသည် ၂၀၂၂ ခုနှစ် မေလတွင် အဆင့်မြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုအပြီး မီးရှို့ခံရသော နေအိမ်၊ အဆောက်အဦ စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း နီးပါးသည် မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်းအချက်အလက်များသည် လွတ်လပ်သောမီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအပေါ် အခြေပြု၍  IPS  Myanmar မှ လက်လှမ်းမီသလောက် စုစည်းထားခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။

 Institute for Strategy and Policy -Myanmar သည် ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာများကို လေ့လာသုတေသနပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 Institute for Strategy and Policy -Myanmar က ဦးဆောင်ပြုလုပ်သည့် ''ယောမင်းကြီးဇရပ်'' ဆွေးနွေးပွဲများတွင် စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးနယ်ပယ်မှ ထူးချွန်ထင်ရှားသူများစွာ ပါဝင် ဆွေးနွေးခဲ့ပြီး လူအများ စောင့်ကြည့်ရသည် အစီအစဥ်တစ်ခုဖြစ်ခဲ့သည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...