ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ဘုရားတောင်ကျေးရွာရှိ နယ်ခြားစောင့်တပ် (BGF) စစ်ဆေးရေးဂိတ်အနီးတွင် စက်တင်ဘာ ၂၈ ရက် နံနက် (၆) နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ချောင်းဆုံကျေးရွာသား ထောင်ချီထွက်ပြေးနေရကြောင်း သိရသည်။
ဘုရားသုံးဆူမြို့အနီး ဘုရားတောင်ကျေးရွာရှိ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်ပိုင်းက ကေအန်ယူတပ်မဟာ (၆) KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဘုရားတောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့မနက် (၆) နာရီလောက်က ဘုရားသုံးဆူမြို့အနီး ဘုရားတောင်ကျေးရွာဂိတ်မှာ တပ်စွဲထားတဲ့ BGF ရှိရာအရပ်ကို KNU၊ PDF ပူပေါင်းအဖွဲ့တွေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တဲ့အသံကို ကြားရတယ်။ နောက်တော့ အပြန်အလှန် ပစ်ခတ်အသံတွေပါ ထပ်ကြားရတယ်။ ဘုရားတောင်ဂိတ်က BGF (၆) ယောက်သေတယ်လို့ သိရပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။
အဆိုပါတိုက်ပွဲနေရာသို့ နံနက် (၉) နာရီခွဲအချိန်တွင် ဘုရားသုံးဆူမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် နဂါးတောင်ဂိတ်မှ လက်နက်ကြီး ပစ်ကူပေးရာတွင် အနီးအနားကျေးရွာများဖြစ်သည့် ချောင်းဆုံ၊ ကျုံထော်၊ မင်္ဂလာကုန်း၊ ဖဒေါ်နှင့် အပလုံ စသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ချောင်းဆုံကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် (၁၀) လုံးနီးပါးပျက်စီးခဲ့ပြီး ကျေးရွာဒေသခံ (၂၀၀၀) ကျော်မှာ နီးစပ်ရာ တောတောင်အတွင်းသို့ တိမ်းရှောင်ခဲ့ရကြောင်း ချောင်းဆုံကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။
“ဘုရားသုံးဆူမြို့အနီးမှာ တိုက်ပွဲဖြစ်တယ် သတင်းကြားပြီး မကြာဘူး။ ရွာထဲကို လက်နက်ကြီးကျည်လာမှန်တယ်။ ရွာထဲက အိမ် (၁၀) လုံးလောက်တော့ ထိသွားတယ်။ အခုလည်း ရွာထဲမှာ မနေရဲတော့လို့ အကုန်လုံး တောထဲပြေးနေရတယ်”ဟု အဆိုပါ ဒေသခံကဆိုသည်။
ထိုသို့ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျရောက်မှုနှင့်ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်၌ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-သံဖြူဇရပ် ကားလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် စစ်ဆေးရေးတင်းကြပ်စွာလုပ်ဆောင်နေကြောင်း ဘုရားသုံးဆူမြို့ခံများထံမှ သိရသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “အခု ချောင်းဆုံဘက်နဲ့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ကားလမ်းမဘက်ကို စစ်တပ်နဲ့ BGF တွေ ကားတွေနဲ့ဆင်းသွားတာတွေ့ခဲ့ရတယ်။ မြို့ထဲမှာလည်း စစ်ကားတွေနဲ့ မြို့ပြင်အထွက်မှာ စစ်ဆေးတင်းကြပ်ထားတယ်”ဟု ပြောသည်။
လက်ရှိတွင် ချောင်းဆုံးကျေးရွာ ဘုရားသုံးဆူ-သံဖြူဇရပ်-ကြာအင်းဆိပ်ကြီး ကားလမ်းမအနီးတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) မှ အင်အားတစ်ရာဝန်းကျင်ဖြင့် နေရာယူထားမှု ကြောင့် ကေအန်ယူတပ်မဟာ (၆) KNLA ပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။







