မိုးဗြဲတွင် စစ်ရှောင်ကလေးငယ် (၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

မိုးဗြဲတွင် စစ်ရှောင်ကလေးငယ် (၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ
မိုးဗြဲ စစ်ရှောင်စခန်းတစ်ခုတွင် ကလေးငယ်များကို အာဟာရ ကျွေးမွေးနေစဉ်။
မိုးဗြဲ စစ်ရှောင်စခန်းတစ်ခုတွင် ကလေးငယ်များကို အာဟာရ ကျွေးမွေးနေစဉ်။

ကယား (ကရင်နီ) မိုးဗြဲမြို့နယ်တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များထဲတွင် ကလေးငယ် (၅၀၀) ကျော်ပါဝင်နေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လာကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

မိုးဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံ (၅၀၀၀) ကျော်ခန့် ထွက်ပြေးနေရပြီး ယင်းအထဲတွင် ကလေးငယ် (၅၀၀) ကျော်ခန့် ပါဝင်နေခြင်းဖြစ်သည်။

“လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားလှူဒါန်းပေမယ့် တိုက်ပွဲတွေ ထပ်ဖြစ်နေတော့ အလုံအလောက်မပံ့ပိုးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီမှာ ကလေးတွေအတွက် အထောက်အပံ့ပေးဖို့ အကူအညီ ပိုမို လိုအပ်လာတယ်”ဟု စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူ တစ်ဦးကပြောသည်။

လက်ရှိ မိုးနှောင်းရာသီတွင် ကလေးများ၌ဖြစ်နေသည့် ဝမ်းရောဂါ၊ တုပ်ကွေးရောဂါများအတွက် ဆေးဝါးများပြတ်လပ်လာမှုကြောင့် အကူအညီအထောက်အပံ့များ အရေးပေါ်လိုအပ်လာကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦးက ဆိုသည်။

“အခုက မိုးရာသီကုန်ခါနီးပြီဆိုတော့ ကလေးတွေအနေနဲ့ ဝမ်းရောဂါတွေ၊ တုပ်ကွေးတွေဖြစ်တယ်။ ဒီအတွက် ဆေးကုသပေးဖို့နဲ့ အားဆေးလေးတွေကအစ လိုအပ်နေတယ်။ တချို့ဆေးဝါးတွေဆို ပြတ်သွားတာအထိရှိတယ်။ အဲဒီအတွက် ဆေးဝါးတွေအရေးပေါ် ကူညီလှူဒါန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ၎င်းကပြောသည်။

အခြားတဘက်တွင်လည်း ထိုစစ်ရှောင်စခန်းများသို့ လူမှုအဖွဲ့အစည်းများမှ သွားရောက်ရာ၌ မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော်ကားလမ်းမကို စစ်တပ်မှ စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် လိုအပ်သည့်အထောက်အပံ့များ ပို့ဆောင်ရာတွင် အခက်အခဲရှိနေကြောင်းလည်း စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသူများက ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာရယ် စစ်တပ်က ပေးမသွားတာရယ်ကြောင့် လိုအပ်မဲ့ ရိက္ခာတွေ၊ ဆေးဝါးတွေကို ပို့ပေးဖို့ အခက်အခဲတွေဖြစ်ကုန်တယ်။ ငွေကြေးအနေနဲ့ အလှူခံတဲ့အခါကျရင်လည်း သတိထားပြီး အကူအညီတောင်းခံနေရတယ်”ဟု စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးပြောသည်။

မိုးဗြဲမြို့နယ်တွင် ယခု စက်တင်ဘာလ (၈) ရက်မှ စက်တင်ဘာလ (၂၃) ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသများမှာ နေရပ်စွန့်ခွာထွက်ပြေးနေရမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...