ရခိုင်တွင် သြဂုတ်လမှစတင်ကာ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါးရှိလာဟု ကုလဆို

ရခိုင်တွင် သြဂုတ်လမှစတင်ကာ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါးရှိလာဟု ကုလဆို
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးလာကြသည့် နာဂရာကျေးရွာသားများကို တွေ့ရစဉ်။ ဓာတ်ပုံ - ခိုင်မင်းသျှင်
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးလာကြသည့် နာဂရာကျေးရွာသားများကို တွေ့ရစဉ်။ ဓာတ်ပုံ - ခိုင်မင်းသျှင်

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က ယနေ့ (စက်တင်ဘာလ ၂၈ ရက်) တွင် ထုတ်ပြန်သည်။

မြန်မာစစ်တပ်နှင့် AA တို့၏ လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးနှင့်အတူ အဆုံးသတ်သွားခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လမှစတင်ကာ တိုက်ပွဲဖြစ်ပွားမှု သိသိသာသာမြင့်တက်လာခဲ့သဖြင့် စစ်ဘေးရှောင်ဦးရေ တိုးလာခြင်းဖြစ်သည်။

ထိုသို့ စစ်ဘေးရှောင်ဦးရေမြင့်တက်လာသော်လည်း စစ်ဘေးရှောင်များကို ကူညီရာတွင် အဓိကကျသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများကို မြန်မာစစ်တပ်က ခရီးသွားလာခွင့် ကန့်သတ်ထားသည်။ မြို့နယ် (၆) မြို့နယ်တွင် အကူအညီပေးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်ကဘက်က ညွှန်ကြားလာကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် OCHA က ထုတ်ပြန်ခဲ့သည်။

“တိုးမြှင့်လာတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းပိတ်ဆိုမှုတွေ အပါအဝင် လူအများသွားလာမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ထပ်တိုးကန့်သတ်တာတွေကြောင့် ပြည်နယ်တဝှမ်းရှိ ရွှေ့ပြောင်းအခြေချပြည်သူတွေနဲ့ ထိခိုက်ခံစားရသူတွေအတွက် လူမှုဘဝအခက်အခဲတွေ ပိုမိုတိုးပွားလာနေပါတယ်”ဟု OCHA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ယခင်တိုက်ပွဲကာလက စစ်ဘေးရှောင်ဦးရေ ၇၆၈၆၇ ဦးရှိခဲ့ရာမှ တကျော့ပြန်တိုက်ပွဲများကြောင့် ၉၅၇၂ ရှိလာသဖြင့် စစ်ဘေးရှောင်အရေအတွက်မှာ စုစုပေါင်း ၈၆၄၃၉ ဦးရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့အစည်းက စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမျိုးသမီးတစ်ဦးက “တိုက်ပွဲတွေဖြစ်လို့ အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ထွက်ပြေးလာတာ။ စစ်ဘေးရှောင်စခန်းမှာလည်း ကူညီထောက်ပံ့မှုတွေက နည်းတော့ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ နေနေရပါတယ်။ အကူအညီ မရောက်ဘူးဆိုရင် ရှေ့ဆက်ဘယ်လိုရပ်တည်ရမလဲ မသိတော့ဘူး”ဟု ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင်လည်း ကျောက်တော်မြို့၊ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်နေမှုကြောင့် နဂရာကျေးရွာနှင့် ရုပ်သားကျေးရွာမှာ ဒေသခံ ၁၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

“ရွာထဲကို လက်နက်ကြီးတွေကျတဲ့အတွက် ရွာသားတွေကြောက်ပြီးတော့ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်တုန်းကလည်း ရွာထဲကို လက်နက်ကြီးကျလို့ ရွာသားတချို့ထွက်ပြေးကြပြီ။ အခုလည်း လက်နက်ကြီးပစ်တော့ အကုန်လုံးထွက်ပြေးကြတာပေါ့။ ထွက်ပြေးလာရတာဆိုတော့ အခက်အခဲရှိကြတာပေါ့။ ရွာမှာ လူတစ်ယောက်မှမကျန်တော့ဘူး”ဟု ရုပ်သားကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် သြဂုတ်လ ၁၃ ရက်မှ စက်တင်ဘာလ ၂၃ ရက်နေ့အတွင်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားကာ ရခိုင်ကမြို့နယ်များတွင် တိုက်ပွဲ ၃၀ ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ပြင် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း မြန်မာစစ်တပ်ဘက်က စခန်း (၉) ခုကို လက်လွှတ်ခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...