ဒီးမော့ဆိုမြို့ ကုန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး

ဒီးမော့ဆိုမြို့ ကုန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်း စက်တင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ မိမိတို့ဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။

“စာသင်ကျောင်းမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို စာသင်ကျောင်းမှာ တိုက်ရင်း လက်နက်ကြီးထိမှန်သွားတဲ့အတွက် ကျောပေါက်ထွက်ပြီး ကျွန်တော်တို့ KRU ရဲဘော်တစ်ဦးကျဆုံးသွားတယ်၊ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်၊ စခ (စစ်ကောင်စီတပ်) တွေလည်း ကျွန်တော်တို့ပစ်တဲ့ လက်နက်ကြီးတွေ ထိတယ်၊ နီးနီးလေးပဲဆိုတော့ အော်သံငိုသံတွေ ကြားရနေတယ်” ဟု ၎င်းက ပြောသည်။

ကုန်းသာကျေးရွာတွင် တပ်စွဲထားသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် စစ်ကောင်စီတပ်နှင့် ကရင်နီဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ ယခုအကြိမ်မှာ စစ်ကောင်စီ တပ်သားများ၏ လက်နက်ကို သိမ်းယူရန် သွားရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KRU ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ ဒီးမော့ဆို PDF တပ်ရင်း (A) မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် ကုန်းသာရွာ၊ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၂၆ ရက်၊ ညနေ ၄ နာရီ ၃ဝ မိနစ်မှ ညနေ ၆ နာရီအထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ သေဆုံးထိခိုက်မှုရှိခဲ့သော်လည်း လက်နက်များကိုမူ မသိမ်းယူနိုင်ခဲ့ကြောင်း ဆက်ပြောသည်။

“မနေ့က လက်နက်ရရှိရေးသွားတာပဲ၊ ဒါပေမယ့် လက်နက်မရနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ ကောက်လို့ရတဲ့ အခြေအနေမပေးခဲ့ဘူး။ တိုက်ပွဲအတွင်းမှာပဲ ၁၂ဝ မမကို သူတို့ အလုံး ၃ဝ လောက်တောက်လျှောက် ပစ်တာ။ ငွေတောင်၊ လွိုင်ကော်၊ ဒေါငံခါးဘက်ပေါင်းစုံကနေ လက်နက်ကြီး ပစ်ကူလို့ ဘယ်လိုမှ လက်နက်ကောက်ဖို့ တတ်နိုင်တဲ့ အနေအထားမရှိဘူးပေါ့၊ ကောက်နိုင်ရင်တော့ နီးနီးလေးပဲ” ဟု ၎င်းက တိုက်ပွဲအခြေအနေကို ပြန်ပြောပြသည်။

ကုန်းသာကျေးရွာစာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ယနေ့ စက်တင်ဘာလ ၂၇ ရက်၊ မနက်ပိုင်းတွင်မူ စာသင်ကျောင်း၏ အနောက်ဘက်ကို အနည်းငယ် တပ်ဆုတ် သွားကြောင်းတွေ့ရပြီး လက်နက်ကြီး ခြောက်လုံးခန့်ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...