ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၊ သေနတ် ၃ လက်ကို ချောင်းဦး PDF က သိမ်းဆည်းနိုင်

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၊ သေနတ် ၃ လက်ကို ချောင်းဦး PDF က သိမ်းဆည်းနိုင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) မှ စစ်ကောင်စီတပ်ယာဉ် နှစ်စီးကို တိုက်ခိုက်ရာတွင် သေနတ် သုံးလက်နှင့်တကွ ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းရမိပြီး တပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦးလည်းသေဆုံးကြောင်း ကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်သည်။

၎င်းဖြစ်စဉ်မှ စစ်ကောင်စီတပ်၏ BA-72 (G1) တစ်လက်၊ MA-3 တစ်လက်၊ BA-94 (Uzhi) တစ်လက်၊ 7.62 (ကပစ) ကျည် ၂၀ တောင့်၊ 5.56 (ကပစ) ကျည် ၂၆ တောင့်၊ 9mm (ကပစ) ကျည် ၁၅တောင့်၊ ဓားမြှောင်တစ်လက်၊ Mytel Keypad တစ်လုံး၊ ဝေါ်ကီတော်ကီ (ဆက်သွယ်ရေးစကားပြောစက်) တစ်လုံး စသည်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“လက်နက်ဆိုတာ အကိုတို့အညာဒေသမှာ တော်တော်ရှားတဲ့ပစ္စည်းပေါ့။ လက်နက်ရတဲ့အတွက် ကိုယ်ရတဲ့လက်နက်က စစ်ကောင်စီကိုပြန် ဒုက္ခပေးဖို့အတွက် အင်အားတစ်ခုဖြစ်တယ်။ ပြီးတော့ လက်နက်အတွက် သုံးစွဲရမယ့်ရန်ပုံငွေပမာဏလည်း သက်သာသွားတယ်။ ဆိုတော့ လက်နက်ရရှိသွားတာက အဖွဲ့အတွက် တော်တော်လေးအဆင်ပြေသွားတယ်”ဟု CHUPDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မုံရွာ - မန္တလေးလမ်းမကြီးအတိုင်း ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် နှစ်စီးကို မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်၌ CHUPDF- တပ်ခွဲ - ၄ (မိုင်းတပ်ခွဲ) မှ ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား တစ်စီး ထိမှန်ပျက်စီးရပ်တန့်သွားသဖြင့် ကျန်တစ်စီးကလည်း အတူရပ်နားကာ ကားပြင်နေချိန် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“တစ်စီးက အင်ဂျင်ထိသွားတော့ လမ်းမှာရပ်ကြတယ်၊ အဲ့တစ်စီးကို ကျန်တဲ့တစ်စီးက ကူပြီးကားပြင်ကြတာ၊ နှစ်စီးပေါင်း လူ ခြောက်ယောက်ပါလာတယ်၊ အရပ်ဝတ်တွေနဲ့ပဲ၊ ပြီးတော့ အဲဒီ ခင်မွန်ရွာအကျော်မှာ နမခရဲ့ စိုက်ပျိုးမွေးမြူရေးစခန်းရှိတယ်၊ အဲ့စခန်းက လေးယောက် (တပ်ကြပ် တစ်ယောက်၊ တပ်သား သုံးယောက်) ကလည်း ကားပျက်တာကို ဝင်ပြီးပြင်ပေးတယ်။ ဒါပေမယ့်သူတို့က လက်နက်မပါဘူး။ သူတို့ထဲက နှစ်ယောက်က ဝင်ပြင်ပြီး နှစ်ယောက်ကဘေးမှာ ရပ်ပြီးကင်းစောင့်ပေးတယ်။ အဲ့အချိန်အကိုတို့ တက်ပစ်ကြတာ။ ရှေ့ကကားထဲက MA 3 တစ်လက်နဲ့ပြန်ပစ်တယ်။ နောက်ကကားထဲက G1 တစ်လက်၊ Uzhi တစ်လက်နဲ့ပြန်ပစ်တယ်ပေါ့။ အပြန်အလှန်ထိတွေ့မှုရှိခဲ့တယ်”ဟု ဟု CHUPDF ပြန်ကြားရေးတာဝန်ခံက ပြောပြသည်။

အဆိုပါပစ်ခတ်မှုအတွင်း ကားနှစ်စီးတွင်ပါလာသည့် စစ်ကောင်စီတပ်သား ခြောက်ဦးအနက် ငါးဦး သေပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထို့အပြင် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် လေးဦးအနက် တစ်ဦး နေရာ၌ပင်သေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ကာ ကျန်နှစ်ဦးကိုမူ ကနဦးတွင် ဖမ်းမိခဲ့ကြောင်း ဆိုထားသည်။

ယင်းဖမ်းမိသည့်နှစ်ဦးအနက် တစ်ဦးမှာ တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ညာဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာဖြင့် လမ်းတွင်ပင် သေဆုံးသွားသည်။

ကျန်တစ်ဦးမှာလည်း ပေါင်ရင်းကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးကုသပေးနေစဉ်အတွင်း သေဆုံးသွားသည်။ ၎င်း၏ မသေမီထွက်ဆိုချက်အရ ညာဘက်ရင်အုံထိမှန်သူမှာ တပ်ကြပ်ဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး CHUPDF တပ်ခွဲ (၁) မှ ရဲဘော် တစ်ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် တစ်ဦး စုစုပေါင်း နှစ်ဦး လည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာတချို့ရရှိခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...