မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်မှ ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်မှ ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
၁၇(၁)(၂)တို့ဖြင့် မြန်မာစစ်တပ်က အမှုဖွင့်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို တွေ့ရစဉ်။
၁၇(၁)(၂)တို့ဖြင့် မြန်မာစစ်တပ်က အမှုဖွင့်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို တွေ့ရစဉ်။

မြန်မာစစ်တပ်မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့က အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဒေါက်တာ ကျော်သူရထွန်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာစစ်ဆေးခံရပြီနောက်တွင် တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ထိုပုဒ်မများဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဟု ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝါကပြောသည်။

"သူ့ကို ၂၃ ရက်နေ့မှာ တောင်ကုတ်ရဲစခန်းကို ပို့ပြီးတော့ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်တယ်လို့ပြောတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်တယ်ဆိုတာကိုတော့ မသိသေးဘူး။ ကျမတို့လည်း သူကျန်းမာရေးအတွက်ကိုပဲ စီစဉ်ပေးနေတယ်။ အခုတော့ တောင်ကုတ်ရဲစခန်းမှာပေါ့"ဟု သူကဆိုသည်။

၎င်းမှာ မြန်မာစစ်တပ်လက်ထဲတွင် ချုပ်နှောင်ခံထားရစဉ်ကာလက အစားအသောက်ကောင်းမွန်စွာ မစားသောက်ခဲ့ရသဖြင့် ကိုယ်ခံအား နည်းနေသဖြင့် ကျန်းမာရေးဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ဇနီးဖြစ်သူက ဆက်ပြောသည်။

“သူနဲ့ (ရဲစခန်းမှာ) တွေ့ခွင့်ရပါတယ်။ အစားအသောက်တွေလည်း ပို့ပေးနေတယ်။ မနေ့ကဆိုရင် အချုပ်ထဲမှာ သွေးပေါင်တိုင်းတာတွေ လုပ်ပေးတယ်လို့တော့ပြောတယ်။ အထဲမှာက အစားအသောက် ကောင်းကောင်းမစားရလို့ ကိုယ်ခံအားနည်းနေတာ”ဟု ၎င်းကဆိုသည်။

၎င်းကို မည်သည့်အတွက်ကြောင့် မတရားအသင်းဆက်သွယ်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို သိရှိနိုင်ရန်အတွက် တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း ဒေသခံ (၇) ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုဝင်များ တွေ့ခွင့်မရရှိသေးပေ။ ထို့ကြောင့် ၎င်းတို့၏အခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...