မင်းပြား ခေါင်းလောင်းချောင်းဘုန်းကြီးကျောင်း ပစ်ခတ်ခံရမှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

မင်းပြား ခေါင်းလောင်းချောင်းဘုန်းကြီးကျောင်း ပစ်ခတ်ခံရမှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ
ပုံစာ- ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို တွေ့ရစဉ်။
ပုံစာ- ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို တွေ့ရစဉ်။

မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်သဖြင့် ခိုလှုံနေသည့် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်းသုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက်၊ မွန်းလွဲ ၁၁ နာရီခန့်က ခေါင်းလောင်းချောင်းရွာဘက်သို့ မောင်းနှင်လာသည့် မြန်မာစစ်တပ်ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့သည်။ ယင်းနောက် စစ်ကူလိုက်ပါလာသည့် ရဟတ်ယာဉ်များက ရွာအနီးပတ်ဝန်းကျင်သို့ပစ်ခတ်ရာတွင် ထိုသို့ဒေသခံများ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

“ရေယာဉ် နှစ်စီးတက်လာတယ်။ အပေါ်ကလည်း ရဟတ်ယာဉ်လည်းလိုက်ပါလာတယ်။ ကျနော်တို့ရွာနားရောက်တာနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ကြတယ်။ ဒါကြောင့် အပေါ်ကလိုက်လာတဲ့ လေယာဉ်တွေကလည်း ကူပြီးပစ်တယ်။ အပေါ်ကလေယာဉ်နဲ့ပစ်နေလို့ ရွာသားတွေက ဘုန်းကြီးကျောင်းထဲကို ဝင်ပုန်းနေကြတာ။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျလာပြီးတော့ လူတွေကို ကျည်စထိသွားတာ"ဟု ဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ဆိပ်ကမ်းသာရပ်ကွက်မှ အသက် ၅ နှစ်အရွယ် မခိုင်သဇင်၊ အသက် ၁၂ နှစ်အရွယ် မောင်ဘုမောင်နှင့် အသက် ၂၃ နှစ်အရွယ် မဒန်ဒီတို့ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာမရရှိခဲ့သောကြောင့် ရွာဆေးခန်းတွင် ဆေးကုသမှုခံယူကာ ဆက်လက်ပုန်းခိုနေကြဆဲဖြစ်သည်။

ထို့ပြင် မင်းပြားမြို့နယ်၊ သက်ပုန်းကျေးရွာ၊ ပုလဲပေါက်ကျေးရွာနှင့် ချောင်းရှည်ကျေးရွာအနီးတွင်လည်း ရဟတ်ယာဉ်သုံးစီးခန့်ဖြင့် AA အခြေချထားသည်ဟု ယူဆရသည့်နေရာများကို လာရောက်ပစ်ခတ်နေသဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိနေသည်။

"ပထမတော့ နေဗီတစ်စီးနဲ့ လေယာဉ်တစ်စီးက အတူတူတက်လာကြတယ်။ သက်ပုန်းရွာနားရောက်တာနဲ့ ရွာနားကတောင်တန်းတွေကို လေယာဉ်ကနေ တရစပ်လှမ်းပစ်တယ်။ ပစ်နေရင်းနဲ့ပဲ နောက်ထပ်လေယာဉ်နှစ်စီး ထပ်ရောက်လာပြီး ထပ်ပစ်တယ်။ ရွာသားတွေလည်း ဗုံးကျင်းထဲမှာ ပုန်းတဲ့လူကပုန်း၊ ရွာပြင်ကိုထွက်ပြေးတဲ့လူကပြေးနဲ့ တစ်ယောက်မှမကျန်တော့ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

သက်ပုန်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း “လေယာဉ်တွေနဲ့လာပစ်တယ်။ အေအေဖက်ကလည်း ပြန်ပစ်တယ်။ လေယာဉ်ကပစ်တဲ့ လက်နက်ကျည်တွေက ရွာထဲကိုကျတာတွေလည်းရှိတယ်။ ကျွန်မတို့လည်းကြောက်ပြီး ပြေးလာတာဆိုတော့ အပျက်အစီးတွေကို မသိခဲ့ရဘူး”ဟု ဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင်လည်း မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...