စစ်ကောင်စီက သွားလာခွင့်နှင့်ထောက်ပံ့ကူညီများကိုကန့်သတ်ပိတ်ပင်ထား၍ မြို့ဦးခေါင်း စစ်ရှောင်စခန်းတွင် ရိက္ခာပြတ်ပြီး ဆန်ပြုတ်တိုက်ကျွေးရသည့် အခြအနေသို့ရောက်ရှိနေ

စစ်ကောင်စီက သွားလာခွင့်နှင့်ထောက်ပံ့ကူညီများကိုကန့်သတ်ပိတ်ပင်ထား၍ မြို့ဦးခေါင်း စစ်ရှောင်စခန်းတွင် ရိက္ခာပြတ်ပြီး ဆန်ပြုတ်တိုက်ကျွေးရသည့် အခြအနေသို့ရောက်ရှိနေ

စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးနှင့် စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ကူညီများကို ကန့်သတ်ပိတ်ပင်ထား၍ မြောက်ဦး မြို့ဦးခေါင်း စစ်ရှောင်စခန်းတွင် ရိက္ခာပြတ်ပြီး ကလေးငယ်များကို ဆန်ပြုတ် တိုက်ကျွေးရသည့်အခြအနေရောက်ရှိနေသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့ မြို့ဦးခေါင်းကျောင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် (၁၀၀၀) ခန့်မှာ ရိက္ခာ ပြတ်သွားပြီဖြစ်ကြောင်း၊ ယနေ့က စပြီး ကလေးများကို ဆန်ပြုတ်ကြိုပြီးပေးနေရကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ ကျွန်တော်တို့က ICRC တခုတည်းက အလှူရတာပါ။ အခုက ICRC နဲ့ တခြား NGO အဖွဲ့တွေကိုလည်း အစိုးရက လုံးဝသွားလာခွင့်၊ ရိက္ခာ ထောက်ပံ့ခွင့် ပိတ်လိုက်တဲ့အတွက် ရိက္ခာပြတ်သွားတာပါ။ မနေ့က စပြီး ကလေးတွေကို ဆန်ပြုတ်ကြိုပြီးပေးနေရပါတယ်” ဟု စခန်းတာဝန်ခံက ပြောသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်မှ မြို့တွင်းစစ်ရေး လုပ်နေသည့်အတွက် ဘေးတွဲသမားများ အပါအဝင် တစ်မြို့လုံး ဒုက္ခရောက်နေသည့် အနေအထားဖြစ်နေသည့်အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကလည်း မဖြစ်နိုင်ဟုလည်း သူကပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်ဒုက္ခသည်များ ရိက္ခာပြတ်သည့် အနေအထား ရောက်နေသည့်အခြေအနေကို မြောက်ဦးလူငယ်များအစည်းအရုံးကို အကြောင်းကြားထားပြီး  နေ့လယ်ပိုင်းတွင် လာရောက်ကြည်ရှု့ရန် ဆက်သွယ်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူ၊ကယ်၊ပြန်)မှ ထောက်ပံ့မှုကို ယခုနှစ် မေလတွင် တစ်ကြိမ်သာရရှိခဲ့ပြီး နောက်ထပ်လုံး၀ ရောက်ရှိလာခြင်း မရှိကြောင်းလည်း သူကပြောသည်။

ရိက္ခာထောက်ပံ့မှု ရေရှည်ရပ်တန့်သွားများမည်ဆိုပါက အခြေအနေမှာ လုံးဝထင်မထားသည့် အခြေအနေများ ဖြစ်လာနိုင် သည်ဟုလည်း အဆိုပါ စခန်းတာဝန်ခံက ယခုကဲ့သို့ ပြောသည်။

“ အခက်အခဲက အများကြီးဖြစ်လာမှာပါ။ တချို့နေရာတွေမှာဆိုရင် ခိုးဆိုးလုယက်မှုတွေတောင် ဖြစ်နေပြီအခု။ ဒါတွေကိုလည်း ကျွန်တော်တို့က စိုးရိမ်နေရတယ်။ လုံးဝထင်မထားတာတွေ ဖြစ်သွားနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနေသည့် INGOနှင့် NGO အဖွဲ့အစည်းများကို စက်တင်ဘာလ ၁၆ ရက်နေ့မှစပြီး မြို့နယ် (၆) ခု သွားလာခွင့်ကို ရခိုင်ပြည် နယ်/လုံ ဝန်ကြီးအမိန်ဖြင့် ပိတ်ထား လိုက်ခြင်း ဖြစ်သည်။

အလားတူ မြောက်ဦးကို သွားလာနေသည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း စစ်ကောင်စီတပ်မှ ပိတ်ထားသည့် အတွက် ဒေသခံများမှာလည်း အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရပြီး ပိတ်ဆို့မှုများ ကြာမြင့်လာသည့်နှင့် အမျှ စားသောက်ရေးအတွက် အခက်ကြုံရနိုင်သည်ဟု မြောက်ဦးမြို့ခံများက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...