စစ်ကောင်စီက ရခိုင်ကလူမှုရေးလှုပ်ရှားတက်ကြွသူများကို အမည်စာရင်းနှင့်တကွ လိုက်ဖမ်းနေ

စစ်ကောင်စီက ရခိုင်ကလူမှုရေးလှုပ်ရှားတက်ကြွသူများကို အမည်စာရင်းနှင့်တကွ လိုက်ဖမ်းနေ

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက ရခိုင်က အရပ်ဘက်တက်ကြွလှုပ်ရှားသူများကို အမည်စာရင်းနှင့်တကွ ဝင်ရောက်ဖမ်းဆီးနေသဖြင့် အများအပြားမှာ ရှောင်တိမ်းနေရကြောင်း သတင်းရရှိသည်။

အဆိုပါတိမ်းရှောင်နေရသူများမှ မင်းပြားမြို့တွင် လဖက်ရည်ဆိုင်နှင့် ထမင်းရောင်းနေသူတစ်ဦးလည်း ပါဝင်သည်။

၎င်းက ''စစ်တပ်က ကျနော်တို့ကိုဖမ်းမယ်ဆိုပြီးပြောနေတာကြာပြီ။ လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်တုန်းကလည်း ပြောတယ်။ ဟိုနေ့က ကားဝပ်ရှော့ဆရာကို ဖမ်းတော့ ကျနော့်ကိုလည်း လာဖမ်းတာနဲ့ ရှောင်နေရတာ။ ကျီးလန့်စာစားပါပဲ။ သူတို့လာသံကြားရင် ပြေးရပြီ။ မိသားစုကိုလည်း ဒီအတိုင်း ပစ်ထားခဲ့ရတယ်'' ဟု သူက ပြောသည်။

စစ်တပ်က လိုက်လံဖမ်းဆီးသဖြင့် ကျောက်ဖြူမြို့တွင် အနည်းဆုံး ၁၅ ဦးခန့် တိမ်းရှောင် နေရကြောင်းကို အမည်မဖော်လိုသည့် တိမ်းရှောင်နေရသူ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

'' အခုကာလမှာ ရခိုင်မှာ လူတိုင်းက အေအေနဲ့ဆက်စပ်နေကြတာလေ။ အနည်းအများပဲကွာတယ်။ သူတို့က အေအေနဲ့ဆက်စပ်သူတွေ ဖမ်းတယ်ဆိုတော့ အကုန်အဖမ်းခံရမှာပဲ။ ဒါကြောင့် ရှောင်တိမ်း နေကြရတာ''ဟု နိရဉ္စရာ သို့ပြောသည်။

အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်း စစ်တပ်က ဖမ်းမည်ဆို၍ ရှောင်တိမ်းနေရကြောင်း ပြောဆိုသည်။

အမ်းမြို့နယ်မှ အခြားတိမ်းရှောင်နေရသူတစ်ဦးက ''ကျနော့်မိန်းမနဲ့ ၃ နှစ်သမီးလေးကိုဒီအတိုင်း ပစ်ထားခဲ့ရတယ်။ ဒီလိုခေတ်ပျက်ကြီးမှာ ကျနော်လို့ ရှောင်တိမ်းနေရသူတွေရဲ့ မိသားစုတွေမှာ စိတ်ဒဏ်ရာကြီးကြီးမားမားကျန်ခဲ့ကြမှာပဲ'' ဟု နိရဉ္စရာ သို့ပြောသည်။

ရမ်းဗြဲမြို့တွင်လည်း စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်း လူမှုရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို စစ်တပ်က နာမည်စာရင်းအတိအကျဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်ခဲ့ကြသည်။

အဆိုပါ (၃) ဦးထဲမှ တစ်ဦးက ''အဲ့နေ့က ကျနော်တို့ကိုဖမ်းမယ်ကြားလို့ ရှောင်နေတာ။ အိမ်က မိသားစုဝင်တွေကိုတော့ မှတ်တမ်းယူသွားကြတယ်။ တအိမ်လုံးလည်းမွှေသွားတယ်။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီးဖိနှိပ်နေရင်တော့ စစ်တပ်အတွက် ကောင်းမွန်တဲ့ရလဒ် ထွက်လာမှာ မဟုတ်ဘူး''ဟု နိရဉ္စရာသို့ပြောသည်။

စစ်ကောင်စီသည် ရခိုင်က လူမှုရေးလှုပ်ရှားသူများဖြစ်ကြသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်း၊ မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေနှင့် ယခင်သတင်းသမားဟောင်းကိုဖိုးသီဟ၊ တောင်ကုတ်မြို့က ဦးထွန်းချစ်တို့ အပါအဝင် အများအပြားဖမ်းဆီးထားသည်။

၎င်းပြင် လူမှုရေးလှုပ်ရှား ဆောင်ရွက်သူ ပရဟိတသမား ကိုအမ်းသားကြီးကားကိုလည်း မြောက်ဦးမြို့ အဝင်တွင် သေနတ်ဖြင့် ပစ်ပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

စစ်ကောင်စီက စက်တင်ဘာလ ( ၄ ) ရက်နေ့မှ ယနေ့စက်တင်ဘာလ (၂၃ ) ရက်နေ့အထိ (၁၉) ရက်အတွင်း ရခိုင်ဒေသခံ (၃၅) ဦးထက် မနည်း ဖမ်းဆီးထားပြီး အခြားလူအများအပြားကိုလည်း ဖမ်းဆီးရန် ရှာဖွေနေကြောင်း သိရသည်။

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ ၅ နယ်မြေရှိ အေအေ စခန်းကို ဇူလိုင် ၄ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အေအေနှင့် စစ်ကောင်စီအကြားတွင် ဆက်ဆံရေး ပျက်ပြားသွာခဲ့ပြီး တိုက်ပွဲများတကျော့ပြန် ဖြစ်လာခဲ့သည်။

တိုက်ပွဲများ ဖြစ်လာပြီးနောက် စစ်တပ်က ဇူလိုင်လနှင့် သြဂုတ်လမှ စတင်ကာ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မောင်တော စသည့်မြို့နယ်များက ဒေသခံအများအပြားကို အေအေဟု စွပ်စွဲကာ ဖမ်းဆီးနေပြီး တချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုမှုများ ပြုလုပ်နေသလို တချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ဆေးကုသမှုခံယူနေရသူလည်း ရှိသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...