ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့

ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် တည်ရှိသည့် သပိတ်တောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ ညဉ့်အချိန်တွင် မီးရှို့လိုက်ကြောင်း သတင်းရရှိသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၈) အနီး တစ်မိုင်လောက်အကွာမှာတည်ရှိသည့် သပိတ်တောင် ကျေးရွာကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီခွဲတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက ပြောသည်။

"နခခ (၈) က လက်နက်ကြီးတွေပစ်လို့ ဒီနေ့ မနက် ၇ နာရီလောက်ကနေ လက်နက်ကြီးကျည်တွေကျနေတာ။ သပိတ်တောင်ဘက်ကို ၃ လုံးကျပါတယ်။ မနက် ၁၁ နာရီ ကျော်လောက်မှာ သပိတ်တောင်အုပ်စု မြောက်ရွာ (မူဆလင်ရွာ) မှာကျပြီး နှစ်ယောက် ဒဏ်ရာရပါတယ်။ အဲ့ဒီကတည်းက ကျေးရွာသားတွေ ထွက်ပြေးကြတာပါ။ မသွားနိုင်တဲ့ သက်ကြီးရွယ်အို နဲ့ ရွားသားအနည်းအကျဉ်းပဲ ကျန်ခဲ့တာပါ။ အခု အနီးအနားရွာတွေက သပိတ်တောင်ရွာမှာ မီးတွေလောင်နေပြီလို့ ဖုန်းဆက်ပြောလာကြပါတယ်" ဟု ပြောသည်။

နောက်ထပ် ရွာသား တစ်ဦးကလည်း "ရွာက  လူအများစုက ဘူးသီးတောင်ဘက်ကို ညနေကတည်းက ထွက်ပြေးလာကြပါပြီ။ ရွာမှာ ရွာသားတချို့နဲ့ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့ပါတယ်။ အခုမီးရှို့နေတယ်လို့ သိရတယ်။ ဘယ်လိုတွေ ဖြစ်နေကြပြီလဲ မသိပါဘူး။ ဘေးကင်းပါစေလို့ပဲ ဆုတောင်းနေပါတယ်" ဟု ၎င်းက ပြောသည်။

စစ်ရေးအခြေအနေ မတည်ငြိမ်ဖြစ်နေချိန်တွင် ယနေ့ နေ့လယ်ပိုင်း သပိတ်တောင်ကျေးရွာထဲ လက်နက်ကြီးပစ်လို့ ရွာထဲကို ၃ လုံးကျလာသည့် အတွက် ကျေးရွာသားများအနေဖြင့် ရွာကို စွန့်ခွာကာ ဘူးသီးတောင်မြို့ပေါ်သို့  ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျေးရွာအတွင်း သက်ကြီးရွယ်အိုများနှင့်  ဒေသခံတချို့သာ ကျန်ရှိခဲ့သည့် အတွက် များစွာ စိုးရိမ်ပူပင်မိကြောင်း တိမ်းရှောင်လာသည့် သပိတ်တောင် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ သပိတ်တောင်ကျေးရွာ နှင့် အနီးဝန်းကျင်ကျေးရွာများကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိခဲ့သည့် ဒေသခံများ၏ အခြေအနေနှင့် မီးလောင်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဟုဆိုသည်။

"စစ်တပ်နဲ့ နယ်ခြားစောင့်လည်း ပါတယ်ပြောပါတယ်။ ရွာကို ည ၉ နာရီခွဲလောက်မှာ မီးရှို့တာပါ။ အိမ် ၃ လုံးမီးထဲပါသွားတယ်လို့လည်း သိရတယ်။ အခုအနီးအနားရွာတွေလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း အကုန်ပြတ်နေပါတယ်။ အတိအကျဘယ်နှလုံးမီးထဲပါသွားတယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

Arakan Princess Media တွင် ဘူးသီးတောင်မြို့နယ် တင်ဆက် ကျေးရွာအနီး အခြေစိုက်သည့် စစ်ကောင်စီ တပ် ခမရ (၂၁၀) က သပိတ်တောင်ကျေးရွာကို ယနေ့ ည ၉ နာရီခန့်တွင် မီးရှို့ကြောင်း ဓာတ်ပုံနှင့် တကွ သတင်းဖော်ပြထားသည်။

လက်ရှိရွာတွင်ကျန်နေခဲ့သူများနှင့် အဆက်အသွယ်ပြတ်တောက်နေသဖြင့် လွန်စွာစိုးရိမ်စရာ ဖြစ်နေကြသည်ဟု သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်မှ   ၁၁ နာရီကျော်ခန့်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိခဲ့သည်ဟု  ဒေသခံများက ပြောသည်။ ၎င်းပစ်ခတ်မှုကို နခခ (၈) တပ်ရင်းက တပ်လှန့်ပစ်ခတ်ခြင်းဟု သုံးသပ်ပြောဆိုကြသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...