ဘူးသီးတောင် သပိတ်တောင်ရွာကို စစ်တပ်ကမီးရှို့သည့်အပြင် ရွာသား ၆ ဦးကို ကြိုးတုတ်ဖမ်းဆီးသွား

ဘူးသီးတောင် သပိတ်တောင်ရွာကို စစ်တပ်ကမီးရှို့သည့်အပြင် ရွာသား ၆ ဦးကို ကြိုးတုတ်ဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ အိမ်ခြေ ၆၀ ခန့်ရှိသည့် သပိတ်တောင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သည့်အပြင် ရွာသား ၆ ဦးကိုလည်း ယနေ့ ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ သပိတ်တောင်ရွာသားများဖြစ်ကြသည့် ဦးမောင်ဖြူ (၃၅ နှစ်)၊ ဦးရွှေထွန်း (၃၈နှစ်)၊ ဦးညွန်းဝင်း (၃၅ နှစ်)၊ ဦးမောင်မျိုးဝင်း (၃၇ နှစ်)၊ ကိုထွန်းသာလှ (၂၄ နှစ်)နှင့် မောင်သန်းထွန်းအောင် (၁၆ နှစ်) တို့ ဖြစ်ကြသည်။

သူတို့ကို ယနေ့ စက်တင်ဘာ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့် က ကြိုးတုတ်ပြီး တပ်ရင်းကားတစ်စီးဖြင့် အလယ်ချောင်း၊ နခခ (၈) တပ်ရင်းသို့ ဖမ်းဆီးခေါ်‌ဆောင်သွားသည်ဟု အမည်မဖော်လိုသူမျက်မြင်တစ်ဦးက ပြောသည်။

"တပ်ကားတစ်စီးနဲ့ ဖမ်းဆီးသွားတာမြင်လိုက်တယ်။ အဲ့ဒီ ၆ ယောက်ကို ကြိုးချည်ထားတယ်။ သူတို့ကို အလယ်မှာထားထားတယ်။ စစ်သားတွေက ဘေးအစွန်းဘက်ကထိုင်လို့မြင်လိုက်ပါတယ်"ဟု ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၈) အနီး တစ်မိုင်လောက်အကွာမှာတည်ရှိသည့် သပိတ်တောင် ကျေးရွာကို ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီတပ်က  မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ရွာသား ၆ ဦးလည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းမီးရှို့မှုကို ဘူးသီးတောင်မြို့နယ် တင်ဆက် မူဆလင်ကျေးရွာအနီး အခြေစိုက်သည့် စစ်ကောင်စီတပ် ခမရ (၂၁၀) တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ကျေးရွာသားများက ပြောသည်။

ယင်းသို့မီးရှို့ခံရမှုကြောင့် သပိတ်တောင် (ရခိုင်) ရွာမှ ဦးသာထွန်း၊ ဦးအောင်ထွန်းစိန်နှင့် ဦးမောင်ဖြူတို့နေအိမ်များအပါအဝင်လူနေအိမ်တချို့ မီးလောင်ပြာကျသွားခဲ့သည်ဟု ရွာသားများကနိရဉ္စရာသတင်းကိုပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီခန့်မှ ၁၁ နာရီကျော်အထိလည်း နခခ (၈) တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...