ကျောက်တော်တွင် လက်နက်ကြီးကျည်ကျရောက်ပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျရောက်ပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး
ကျောကုန်းတွင် လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ရသည့် နဂရာကျေးရွာမှကလေးကိုတွေ့ရစဉ်။
ကျောကုန်းတွင် လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ရသည့် နဂရာကျေးရွာမှကလေးကိုတွေ့ရစဉ်။

ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့)၊ ည ၁၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည်။.

သေဆုံးသူမှာ ဒုတိယတန်းကျောင်းသူ မောင်ကိုနိုင်ဖြစ်သည်။ ည ၁၁ နာရီကပင် ကျောက်တော်မြို့၊ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှ လက်နက်ကြီးပစ်ခတ်မှုများရှိနေသောကြောင့် မိသားစုလေးငါးစုခန့်မှာ ရွာရှိတိုက်အိမ်တစ်လုံးတွင် အိပ်နေကြစဉ် ကျည်ကျရောက်ပေါက်ကွဲလာပြီး ကလေးငယ်သေဆုံးသွားခြင်းဟု ဒေသခံ ဦးအောင်ကျော်သာက DMG သို့ပြောသည်။

"ည ၁၁ နာရီကတည်းက လက်နက်ကြီးတွေလှမ်းပစ်နေလို့ ကိုယ့်အိမ်မှာ မလုံခြုံဘူးဆိုပြီး ရွာထဲက တိုက်အိမ်တစ်လုံးမှာ မိသားစုလေး၊ ငါးစု စုပြီးအိပ်နေကြတာ။ အကုန်တန်းပြီးအိပ်နေတုန်းမှာပဲ လက်နက်ကြီးက ခေါင်မိုးပေါ်ကနေတစ်ဆင့် ပျဉ်တွေကိုဖောက်ထွက်သွားပြီး အောက်မှာအိပ်နေတဲ့ကလေးကို လာထိတာ။ ဖြစ်ဖြစ်ချင်းတော့ ဆေးခန်းတွေကိုပြေးသေးတယ်။ ဆေးမှူးတွေလည်းမရှိဘူး။ ကျောက်တော်ကိုလည်းသွားလို့မရတော့ ကလေးက ဆေးကုချိန်မရလိုက်ဘဲ သေသွားတာပါ"ဟု ၎င်းကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဘယ်ဖက်ကျောကုန်းတွင် ပြင်းထန်ဒဏ်ရာရရှိသွားသည့် ကလေးငယ်သည် ဆေးကုသရန် လက်လှမ်းမမီခဲ့သောကြောင့် ညဉ့် ၁ နာရီတွင် သေဆုံးသွားခဲ့ရသည်။ လက်ရှိတွင် ကလေးငယ်အားသင်္ဂြိုလ်ရန် ပြင်ဆင်နေကြသည်။

ထို့ပြင် ရွာရှိ လူထက်ဝက်ခန့်မှာလည်း လက်နက်ကြီးထပ်မံပစ်ခတ်လာမည်ကို စိုးရိမ်သောကြောင့် ကျောက်တော်၊ သဝင်ကိုင်း၊ ကျောက်တန်း၊ ကျောက်တလုံး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု နဂရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

"ကျနော်တို့ရွာနဲ့ စကခ ၉ နဲ့က တဖက်တစ်ကမ်းဆိုတော့ သူတို့ပစ်ရင် ကျနော်တို့ရွာတွေခံရတယ်။ အရင်တလောကလည်း လက်နက်ကြီးကျလို့ မိသားစုတစ်စုဒဏ်ရာရတယ်။ အခုလည်းထပ်သေဆုံးမှုတွေရှိလာတော့ ဘယ်လိုနေရဲကြတော့မလဲ။ ဒါကြောင့် လုံခြုံမယ်ထင်တဲ့နေရာတွေကို ရှောင်သွားကြပါပြီ"ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စကခ ၉ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နဂရာကျေးရွာမှ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရရှိသွားခဲ့သည်။

Most read this week

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...