အနိုင်ရပါတီတွင် ကိုယ်စားလှယ်များနေ၍ အဆိုမအောင်မြင်နိုင်ကြောင်းအစကတည်းကသိထား၊ရခိုင်အခြေအနေကို တစ်နိုင်ငံလုံး သိအောင်တင်ပြနိုင်၍ ၀မ်းမြောက်ဟု ဒေါ်ခင်စောဝေဆို

အနိုင်ရပါတီတွင် ကိုယ်စားလှယ်များနေ၍ အဆိုမအောင်မြင်နိုင်ကြောင်းအစကတည်းကသိထား၊ရခိုင်အခြေအနေကို တစ်နိုင်ငံလုံး သိအောင်တင်ပြနိုင်၍ ၀မ်းမြောက်ဟု ဒေါ်ခင်စောဝေဆို
by -
နိရဥ္စရာ
ပြည်သူ့လွှတ်တော်တွင် သူမတင်သည့် အဆိုမှာ အနိုင်ရပါတီအင်အားများနေ၍ အစကတည်းက မအောင်မြင်နိုင်ကြောင်း သိရှိထားသဖြင့် သူမ၏ အဆိုကို မှတ်တမ်းတင် အတည်ပြုသည့် အဆင့်ရရှိခဲ့သော်လည်း စိတ်မပျက်ဘဲ ဂုဏ်ယူကြောင်း ဒေါ်ခင်စောဝေ ပြောကြားသည်။

“ ကျွန်မတို့ မဲခွဲရင် ရှုံးမယ်ဆိုတာကို အဆိုတင်ကတည်းက သိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က Majority အနိုင်ရပါတီမှာ ကိုယ်စားလှယ်များနေတဲ့ အတွက် ငါတို့ ရှုံးမယ်ဆိုတာ အဆိုတင်ကည်းက သိပြီးသား။ ဒါပေမယ့် ကျွန်မတို့ တင်ပြခွင့်၊ ဆွေးနွေးခွင့်ရတာဟာ အင်မတန်မှ ၀မ်းသာဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူအားလုံးက ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ထဲထဲဝင်ဝင် သိရှိသွားသလို တိုင်းရင်းသားတွေ ဘယ်လို ခံနေရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ခွင့်ရသွားခဲ့တယ်။ ဒီအတွက် အင်မတန် ၀မ်းသာဖို့ ကောင်းပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

အစိုးရဘက်မှ လုံခြံုရေးကို တိုးမြှင့်ထားကြောင်း၊ နောင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ယနေ့လွှတ်တော်တွင် ပြောကြားသွားခဲ့ကြောင်း၊ သို့သော် သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပေါ်နေသဖြင့် စဉ်စားရန် လိုအပ်ကြောင်း သူမက ပြောဆိုသည်။

“ အခုအချိန်မှာ သူတို့က လုံခြံုရေးအင်အားကို တိုးမြှင့်ထားတယ်လို့ ပြောဆိုပေမယ့် ၂၂ ရက်နေ့က ဘင်္ဂလီ အုပ်ချုပ်ရေးမှူး တစ်ဦး မောင်တောမြို့နယ်မှာ အသတ်ခံခဲ့ရတယ်။ ရဲကို ဖုန်းဆက်တဲ့ အတွက် ရဲက လိုက်သွားတဲ့ အခါ သတ်တဲ့ လူတွေကို သေနတ်နဲ့ ပစ်ဖောက်ခဲ့ရတယ်လို့ ကျွန်မတို့ ကြားရတယ်။ သြဂုတ် ၂၃ ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရတာကို ကြားရပါတယ်။ ဒီလောက် လုံခြံုရေး ချထားပါတယ်ဆိုတဲ့ ကြားက အကြမ်းဖက်မှုတွေ ဆင့်ကဲ ဆင့်ကဲ တစ်ခု မဟုတ် တစ်ခု ဖြစ်ပေါ်နေတယ်ဆိုတာ ဘာကြောင့်လဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ဒါတွေဟာ လုံခြံုရေး တိုးမြှင့်ထားတယ်လို့ ပြောဆိုနေတဲ့ ကြားထဲက ဖြစ်နေတာပါ” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

အစိုးရမှ မည်မျှပင် လုံခြံုရေး ချထားသည်ဟု ပြောဆိုသော်လည်း ၎င်းဒေသတွင် နေထိုင်နေကြသည့် ရခိုင်တိုင်းရင်းသားတို့၏ အသက်အိုးအိမ်နှင့် လုံခြံုရေးမှာ အလွန်အရေးကြီးနေကြောင်း၊ မှတ်တမ်းတင်ရန်သာ အတည်ပြုသော်လည်း ပြည်သူများ အသက်အိုးအိမ်နှင့် လုံခြံုရေးတို့ကို အစိုးရမှ စောင့်ရှောက်ပေးရမည် တာဝန်ရှိသဖြင့် အစိုးရအနေဖြင့် လုပ်ကို လုပ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အစိုးရတက်တက် ပြည်သူများ အသက်အိုးအိမ်နှင့် လုံခြံုရေးတို့ကို အစိုးရမှ တာဝန်ယူရမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ အစိုးရတွင် အဓိက တာဝန်ရှိကြောင်း၊ ၎င်းဒေသရှိ ပြည်သူတို့၏ စားဝတ်နေရေးအတွက်လည်း တာဝန်ယူရမည် ဖြစ်ကြောင်း၊ အဆိုကို မှတ်တမ်းတင်သော်လည်း ပြည်သူများ အသက်အိုးအိမ် လုံခြံုရေး အတွက် အစိုးရအနေဖြင့် ပိုမို တာဝန်ရှိကြောင်း ဒေါ်ခင်စောဝေ ပြောကြားသည်။

အကယ်၍ လွှတ်တော်မှ အတည်ပြုခြင်းအားဖြင့် လုံခြံုရေး ဆောင်ရွက်နေမှုကို စိတ်ခွန်အားဖြစ်စေသည်သာမက လုံခြံုရေး စိုးရိမ်နေရသည့် ဒေသခံ ပြည်သူများ၏ စိုးရမ် ကြောက်ရွံ့မှုများကိုလည်းစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြံုမှုကို ဖြစ်စေသဖြင့် ယခု အဆိုကို အတည်မပြုခြင်း အပေါ် ဒေသခံပြည်သူများကို စိတ်ပျက်မှုကို ဖြစ်စေသည်ဟု ပြောဆိုသည်။

ပြည်သူ့လွှတ်တော်တွင် ဒေါ်ခင်စောဝေ တင်သွင်းသော အဆိုမှာ “ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပွားလျက်ရှိသော ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့အစည်း များ၏ ရာဇဝတ်မှု ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာထိပါး နှောင့်ယှက်လာသည် ဖြစ်၍ ဒေသအတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” ဖြစ်ပြီး ၎င်းအဆိုကို မဲခွဲရာ ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း ၃၉၆ မဲရှိသည့် အနက် ၃၈၈ မဲ ပေးခဲ့သည်။ ၎င်းတို့အထဲတွင် ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၃၂ မဲ၊ ကြားနေမဲ ၆ မဲ ရရှိခဲ့သဖြင့် ဒေါ်ခင်စောဝေ အဆိုကို မှတ်တမ်းတင်ရန်သာ အတည်ပြုခဲ့သည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...