ရခိုင်တွင်ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတင်းရေးသားမှုများကို အရေးယူမည်ဟုဆို

ရခိုင်တွင်ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတင်းရေးသားမှုများကို အရေးယူမည်ဟုဆို

ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ သတင်းရေးသား လှုံ့ဆော်သူများအား အရေးယူတော့မည်ဟု ရခိုင်ပြည်နယ်ကောင်စီ၏ သတင်းများကို ရေးသားဖော်ပြနေသည့် ရခိုင်နေ့စဉ်တွင် ယနေ့ ရေးသားထားသည်။

ရခိုင်တွင် နေ့စဉ်တိုက်ပွဲဖြစ်သယောင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ အကောင့်တုများဖြင့်ရေးသားနေသည်ကို ဖုန်းနံပတ်များမှ တစ်ဆင့် စိစစ်နေပြီး ဖမ်းဆီး အရေးယူရန် ဆောင်ရွက်နေကြောင်း ပို့စ်များကို စုစည်းကာကြက်ခြေခတ်ပြီး ယခုကဲ့သို့ရေးသားထားသည်။

"ဒီနေ့ အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပါ။ သို့သော် မသမာသူများမှ နေစဉ်အကောင့်တုများဖြင့် ရခိုင်လူမှုကွန်ယက်များတွင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ နေ့စဉ်တိုက်ပွဲဖြစ်နေ သယောင်ယောင် သတင်းရေးသား လှုံ့ဆော်နေသူများရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ချင့်ချိန်ပြီးယုံကြဖို့လိုသည်။ အဆိုပါအကောင့်များအား ဖုန်းနံပတ်များမှ တစ်ဆင့် စိစစ်နေပြီး ဖမ်းဆီး အရေးယူရန် ဆောင်ရွက် နေကြောင်း စကစနှင့် နီးစပ်နေ သူများထံမှ သိရှိရသည်"ဟု အဆိုပါသတင်းတွင်ရေးသားထားသည်။

ယနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် ယနေ့အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ရေးသားထားသော်လည်း ရသေ့တောင်မြို့နယ်အတွင် ယနေ့ နံနက် ၉ နာရီတွင် တစ်ကြိမ်၊ ၁ နာရီခန့်တွင်တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက နိရဉ္စရာကို ပြောသည်။

ယခုကိစ္စကို အတည်ပြုနိုင်ရန်နှင့် အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို နိရဉ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

စက်တင်ဘာလ ၄ ရက်နေ့တွင် မြောက်ဦးမြို့မှ လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကိုဖမ်းဆီးကာ ၅၀၅ (က) နှင့် အမှုဖွင့်တရားစွဲထားသည်။

ယင်းအပြင် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း လူမှုကွန်ရက်တွင် သတင်းများရေးတင်လေ့ရှိသည့် မြောက်ဦးမြို့မှ သတင်းထောက်ဟောင်း ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည်။

လက်ရှိမှာလည်း ရခိုင်မြို့နယ်အသီးသီးမှ အေအေနှင့် ဆက်စပ်မှုရှိသူများနှင့် သံသယရှိသူများကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...