News Feed ပုံစံသစ်ကို မြန်မာတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာဆိုင်ရာအဖွဲ့အစည်း ၄၀ ကျော်က ဖေ့စ်ဘုတ်ကို တိုက်တွန်း

News Feed ပုံစံသစ်ကို မြန်မာတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာဆိုင်ရာအဖွဲ့အစည်း ၄၀ ကျော်က ဖေ့စ်ဘုတ်ကို တိုက်တွန်း

ဖေ့စ်ဘွတ်ခ်၏ (သတင်းအသစ်ရယူမှု) News Feed ပုံစံအသစ်သည် ပြည်သူများက ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များအား လက်လှမ်းမီနိုင်မှုကို အတားအဆီးဖြစ်နေနိုင်ကာ သတင်းအမှားများ ပြန့်ပွားမှုကိုလည်း ဖြစ်ပွားစေနိုင်သောကြောင့် ဖေ့စ်ဘုတ်အနေဖြင့် ယင်းပုံစံသစ်အား မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာတိုက်နှင့် မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းစုစုပေါင်း (၄၃) ဖွဲ့က ယနေ့ (စက်တင်ဘာလ ၂၂ ရက်) နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် ဖေ့စ်ဘုတ်ဆိုရှယ်မီဒီယာမှာ မကြာခင်ကာလအတွင်း မြန်မာနိုင်ငံ၌ မိတ်ဆက်တော့မည့် News Feed ပြုပြင်မွမ်းမံမှုပုံစံသစ်သည် သတင်းအချက်အလက်များရယူသိရှိနိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးများကို ခြိမ်းခြောက်နေခြင်း၊ သတင်းမီဒီယာများကို ဆင်ဆာဖြတ်တောက်ရန်နှင့် သတင်းတုများပြန့်ပွားခြင်းကို တွန်းအားပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်ကဆိုသည်။

ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က “ဖေ့စ်ဘုတ်က သတင်း အကြောင်းအရာတွေကို ဖော်ပြတာကို လျှော့ချသွားမယ်။ ကြည့်တဲ့သူတွေကို လုံးဝမပြတာတော့ မဟုတ်ဘူး။ သူတို့ အတတ်ပညာနဲ့ လျှော့ချမယ်ဆိုပြီးတော့ ကြေညာလာတယ်။ ဆိုလိုချင်တာက ဖေ့စ်ဘုတ်သုံးစွဲသူတွေကို သူတို့ စစ်တမ်းကောက်ယူ ချက်အရ သူတို့က အဓိက နိုင်ငံရေးအကြောင်းအရာတွေ မကြည့်ချင်ကြဘူးလို့ စစ်တမ်းအရသိရတယ်လို့ ဖေ့စ်ဘုတ်ကပြောတာ”ဟု ဆိုသည်။

ယင်းအပြင် မြန်မာစစ်တပ်က လွတ်လပ်သော ရုပ်သံထုတ်လွှင့် တင်ဆက်မှုများ၊ ပုံနှိပ်သတင်းမီဒီယာများနှင့် ၎င်းတို့၏ Website များကို ပိတ်ပင်တားမြစ်ခြင်းနှင့် ပြည်သူတို့၏ ဆန္ဒ ထုတ်ဖော် စုဝေးရာနေရာများကို ပိတ်ချခဲ့ခြင်းက အများပြည်သူတို့၏ လူမှုဘဝအများစုကို အွန်လိုင်းပေါ်သို့ တွန်းပို့လိုက်ပြီးနောက် ဖေ့စ်ဘွတ်ကုမ္ပဏီ၏ လွှမ်းမိုးနိုင်မှုသည် ပိုမို၍ပင်ကြီးထွားလာခဲ့ကြောင်းလည်း ဆိုသည်။

ထို့အတူ ဒီမိုကရေစီနိုင်ငံများမှ လူများသည် အများပြည်သူနှင့် ဆိုင်သည့် အကြောင်းအရာများအတွက် တီဗီ၊ ရေဒီယို၊ သတင်း စာ၊ ပြည်သူပိုင်ဆန္ဒထုတ်ဖော် စုဝေးရာနေရာများကို အသုံးပြုနိုင်သော်ငြား မြန်မာနိုင်ငံရှိ ပြည်သူများမှာမူ ထိုသို့ရွေးချယ်စရာမရှိသည့်အခြေအနေဟုလည်း မီဒီယာများဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသတင်းများကို ဖေ့စ်ဘုတ်ပလက်ဖောင်းတွင် သတင်းမီဒီယာနှင့် ပြည်သူများက အသုံးပြုမှုများလာသည့်အတွက် သတင်းများကိုလျော့ချရာတွင် ပြည်သူများ သတင်းသိပိုင်ခွင့် ဆုံးရှုံးမှုဖြစ်လာနိုင်သဖြင့် ထိုသို့မပြုလုပ်ရန် တောင်းဆိုနေကြခြင်းဟုလည်း ဦးမြင့်ကျော်ကရှင်းပြသည်။

“မြန်မာနိုင်ငံမှာ သတင်းတွေက facebook plattform မှာ အများဆုံးတင်ကြတဲ့အတွက် သတင်းအကြောင်းအရာတွေကို လျှော့ချမယ်ဆိုရင် ဒီဟာက မြန်မာနိုင်ငံမှာ facebook သတင်းဖတ်တဲ့သူ များကြတာကို။ အဲတော့ facebook သုံးစွဲသူတွေကို သတင်းရရှိမှု လျှော့ကျစေမယ်ဆိုတဲ့ သဘောမျိုး။ ဒါကြောင့် သတင်းအဖွဲ့အစည်းတွေက ဒါကို ဖယ်ရှားဖို့ တောင်းဆိုတာပါ”ဟု ဦးမြင့်ကျော်ကဆက်ပြောသည်။

အဆိုပါကိစ္စတွင် ပါဝင်လက်မှတ်ထိုးထားသည့် မီဒီယာများနှင့် မီဒီယာအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများမှာ မြန်မာနိုင်ငံ သတင်းဌာနများဖြစ်သည့် ဧရာဝတီ၊ Myanmar Now၊ DVB၊ Mizzma၊ မြစ်ကြီးနားသတင်းဂျာနယ်၊ DMG၊ နိရဉ္စရာ၊ Chin World၊ KIC၊ BNI စသည့် သတင်းဌာနများပါဝင်သည်ကို တွေ့ရသည်။

အယ်လ်ဂိုရစ်သမ်အသစ်သည် News Feed ရှိ သတင်းမီဒီယာမှ တင်ဆက်သော အကြောင်းအရာများကို လျှော့ချမှုပြုလုပ်မည်ကို သိသိလျက်နှင့် ပြုပြင်လိုက်ခြင်းသည် လွတ်လပ်စွာထုတ် ဖော်ပြောဆိုပိုင်ခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ပရိသတ်များကို မှီခိုနေရသည့် သတင်းမီဒီယာများ၏ ရပ်တည်မှုတစ်ခုလုံးကိုပါ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံသည် အာဏာသိမ်းမှုကြောင့် အသက်အန္တရာယ်ကိုပါထိခိုက်နေသော အကြပ်အတည်းကိုကြုံတွေ့နေရပြီး မြန်မာပြည်ရှိ လူထုနှင့် သတင်းမီဒီယာများအတွက် ဖေ့စ်ဘွတ်ခ်၏ News Feed ပြုပြင်မွမ်းမံမှုပုံစံကို ပြန်လည်သုံးသပ်ရန်နှင့် အဆိုပါ ယနေ့သဘောထားထုတ်ပြန်ချက်အား Meta ၏ CEO Mark Zuckerberg ထံသို့လည်း ပေးပို့ခဲ့ကြောင်း သိရသည်။

Most read this week

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...