“တရုတ်ကူမင်တန်တွေကို ၁၉၅၀ ခုနှစ်ကနေ စတင်တိုက်ခိုက်ခဲ့ပြီးတော့ ၁၉၆၁ ခုနှစ်မှ အပြတ် တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကူမင်တန် စစ်ပွဲဟာ သမားရိုးကျ တိုက်ပွဲပဲ ဖြစ်တယ်။ အခု အကြမ်းဘက်သမားတွေ တိုက်တဲ့ ပုံစံက ပိုပြီးတော့ သိမ့်မွေ့တယ်။ အကြမ်းဖက် နည်းပညာ ဗျူဟာတွေကိုပါ ထုတ်သုံးလာတယ်။ နောက်တစ်ခုက နောက်ကွယ်က ပံ့ပိုးနေတဲ့ ကွန်ရက်တွေက ကောင်းကောင်း ကြီးကျယ်ပါတယ်”ဟု ဦးဦးလှစောက ပြောသည်။
၎င်းပြင် ဦးဦးလှစောက ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဘက်သမားများ တိုက်ခိုက်နေမှုများသည် ကျူးကျော် စစ်ပွဲတစ်ခုဖြစ်ကြောင်း၊ အားလုံး အထူးသတိပြုရန် လိုကြောင်း ပြောကြားသည်။
“ အခု ဘင်္ဂလီ အကြမ်းဘက်သမားများ တိုက်ခိုက်နေမှုဟာ နေရာယူတိုက်ခိုက်မှု မဟုတ်တဲ့ အတွက် သူတို့ကို နှိမ်နင်း တိုက်ခိုက်တဲ့နေရာမှာ အခက်အခဲရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံတကာနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အတွက် ဒီစစ်ပွဲဟာ သိမ်မွေ့ပြီး ရှုပ်ထွေးမှုရှိတဲ့ အတွက် အချိန်ယူပြီး ဖြေရှင်းရမယ့် စစ်ပွဲတစ်ခု ဖြစ်ပါတယ်” ဟု ဦးဦးလှစောက ပြောဆိုသည်။
ဘင်္ဂလီအကြမ်းဘက်သမားများ၏ တိုက်ပွဲသည် မေယုဒေသ နယ်မြေလုပြီး အချုပ်အခြာအာဏာ ထူထောင်မည့် စီမံကိန်းဖြစ်ကြောင်း၊ ရခိုင်အရေးသည် တိုင်းရင်းသားများ၏ ဘဝလုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေး ပြဿနာကို ကျော်လွန်ပြီး အမျိုးသားလုံခြံုရေးပြဿနာ၊ အချုပ်အခြာ အာဏာပြဿနာ ဖြစ်လာပြီဖြစ်ကြောင်း ဦးဦးလှစောက ပြောသည်။
ဦးဦးလှစောမှ “ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် အနောက်ခြမ်းမှာ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုဟာ ယခင်ကနဲ့ မတူဘဲ နည်းဗျူသစ်များဖြင့် ပြောင်းလဲ ဆောင်ရွက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အစိုးရအားထောက်ခံသူ၊ ပူးပေါင်းသူ ဘင်္ဂလီအမျိုးသားများကို အဓိက ပစ်မှတ်ထား သတ်ဖြတ်တာဟာ အစိုးရနဲ့ ပူးပေါင်းမှု မလုပ်ဆောင်ဝံ့အောင် အကြောက် တရားဝင်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေကိုလည်း ဤဒေသမှာ မနေရဲအောင် ခြောက်လှန့် တိုက်ခိုက် သတ်ဖြတ်မှုတွေနဲက အတူ လုပ်ကိုင် စားသောက်၍ မရအောင် စနစ်တကျ စီစဉ် ဆောင်ရွက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်ဝါဒီတွေကို တိုက်ထုတ်ဖို့အတွက် ဒေါ်ခင်စောဝေရဲ့ အဆိုကို ပြတ်ပြတ် သားသားထောက်ခံရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာမှ အဆိုကို ထောက်ခံခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဖြေကြား ပြောဆိုသွားခဲ့သည်။
အကြမ်းဖက်ဝါဒီတွေကို စစ်ရေးအရ ပြတ်ပြတ်သားသား တိုက်ထုတ်ဖို့လိုကြောင်း၊ စစ်ရေး ဆိုတာ တပ်မတော်၏ အလုပ်တာဝန်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်တာဝန်ကိုယ် လုပ်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ဒုတိယအချက်က တာဝန်ရှိ ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများ အနေဖြင့် သံခင်းတမန်ခင်းတွေမှာ ပြတ်ပြတ်သားသား တုန့်ပြန်ဖို့လိုပါကြောင်း၊ လွှတ်တော်၏ ကိုယ်ပွား တစ်ခု ဖြစ်သည့် နိုင်ငံတကာ ဆက်ဆံရေးကော်မတီအနေဖြင့် ယခု လွှတ်တော်က ရှင်းလင်း နေသည်များကို ခြံုငုံသုံးသပ်ပြီး ရှေ့တန်းကို ထွက်ပြီး တာဝန်ယူဖို့ လိုပါကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့်လည်း တိကျသည့် နိုင်ငံရေး မူဝါဒကို ကိုင်စွဲပြီး မီဒီယာ ပါ၀ါကို ကိုင်စွဲဖို့လိုကြောင်း ဦးဦးလှစောမှ အကြံပြု ပြောကြားသွားသည်။







