ပူတာအို KBC ဖွံ့ဖြိုးရေးနေရာတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ကျန်းမာရေး၊ နေရေး၊ စားရေး အရေးပေါ် အကူညီလိုနေ

ပူတာအို KBC ဖွံ့ဖြိုးရေးနေရာတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ကျန်းမာရေး၊ နေရေး၊ စားရေး အရေးပေါ် အကူညီလိုနေ
by -
မဇ္ဈိမ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မြို့နယ်ဖွံ့ဖြိုးရေးနေရာတွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များကျန်းမာရေးအတွက် စိုးရိမ်နေရသည့် အခြေအနေ ဖြစ်နေပြီး နေစရာ အဆောက်အအုံနှင့် အစားအသောက်လည်း အရေးပေါ် လိုအပ်နေသည်ဟု KBC ၏ ပြန်ကြားရေးတာဝန်ခံ ဆရာလမာယော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒုက္ခသည် စခန်းရှိ အိမ်ခြေ ၅၂ လုံးတွင် လူဦးရေ စုစုပေါင်း ၂၅၉ ဦးရှိရာမှ ထက်ဝက်ခန့် ကလေးနှင့် အသက်ကြီးသူများသည် ဝမ်းရောဂါ၊ ငှက်ဖျား၊ တုတ်ကွေး စသည့်ရောဂါများ ဖြစ်ပွားနေသဖြင့်ဆေးဝါးများလည်း လိုအပ်နေသည်ဟု ဆရာလမာယော် က ပြောသည်။

“သူတို့က မိုးကာတဲမှာပဲ နေနေကြတယ်။ မိုးအရမ်းရွာတော့ မိုးကာတဲအောက်မှာ တထွာတောင်မမြင့်တဲ့နေရာမှာအိပ်တော့ အောက်က အငွေ့နဲ့ ကျွန်တော်ထင်တယ် မိုးကာတဲကြောင့် ကျန်းမာရေးမကောင်းတာ ဖြစ်မယ်။ ၂၉၀ ကျော်ရှိတဲ့ထဲက တစ်ဝက်လောက် နေမကောင်းကြဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် အစိုးရ၏ ကူညီထောက်ပံ့မှု မရောက်သည့် နေရာဖြစ်သလို၊ KBC မှ ကူညီထောက်ပံ့မှုများ ပေးနေသော်လည်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) ကူညီထောက်ပံ့မှု လျော့နည်းသွားသဖြင့် အစားအသောက်များ ထောက်ပံ့ရန်နှင့် နေအိမ်များ အရေးပေါ် ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု သူက ပြောသည်။

“အခု သူတို့အတွက် အမိုးကောင်းကောင်းမိုးပေးတဲ့ နေအိမ်တွေ အမြန်ဆုံး အရေးပေါ်ဆောက်လုပ်ပေးဖို့ လိုနေတယ်။ အခု မိုးကာတဲကနေ လွတ်မြောက်ဖို့ အမြန်ဆောက်ပေးရတော့မယ်။ ကျနော်တောင် မနေ့က သူတို့ကို သွားကြည့်တာ စိတ်မကောင်းဘူး။ ကျနော် ဒုက္ခသည်စခန်းတိုင်းလို သွားကြည့်တာ ဒီလောက် ဆိုးဝါးတဲ့ စခန်းမမြင်ဖူးသေးဘူး။ ကျနော်တောင် တော်တော် စိတ်ထိခိုက်ရပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။  

အစိုးရဘက်မှ လျစ်လျုရှုထားသလို၊ KBC မှ ကူညီထောက်ပံ့မှု အားနည်းနေပြီး အခက်အခဲများ ပိုမိုများပြားခြင်း ဖြစ်သည်ဟု သူက သုံးသပ်သည်။  

ယင်းဒုက္ခသည် စခန်းသို့ KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်၊ လူငယ်တာဝန်ခံ ယိမ်းကရန်း၊ ဆရာဖုန်ဆိုင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဆရာလမာရော်တို့ ဦးဆောင်သော အဖွဲ့များ သွားရောက် ကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။  

ယင်းဒုက္ခသည်များသည် ၂၀၁၃ ခုနှစ် သြဂုတ်လက ပူတာအိုဒေသတွင် အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒိန်ခရက်(Dinghkyet)၊ အင်ဖိဂါး (Nhpyi Ga)၊ အင်ခါးဂါး(Nhka ga)၊ မာပွန်း(Mapyung)၊ နောင်ခိုင် (Nawng hkai)၊ မချမ်းဘော (Machyang baw) စသည့် ကျေးရွာသားများသည် ထွက်ပြေး တိမ်းရှောင်ခဲ့ရသဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ၎င်းဒုက္ခသည်များကို စုပေါင်း၍ KBC ၏ ဒေသဖွံ့ဖြိုးရေးခြံတွင် ခိုလှုံစေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုးဝါးဆုံးအခက်ခဲဆုံး စစ်ပြေးဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့မှ ကချစ်နှစ်ခြင်းခရစ်ယာန်အဖွဲ့က သိက္ခာတော်ရ ဆရာဒရှီဂမ်ဆိုင်း ဦးဆောင်သောအဖွဲ့လည်း လက်ရှိပူတာအိုရှိ ဒုက္ခသည်များကိုသွားရောက် ကြည့်ရှုနေသည်ဟုဆရာလမာယော် က ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...