မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များ စီးပွားရေးလုပ်ငန်း မလုပ်ရန် အသိပေးချက်ထုတ်

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များ စီးပွားရေးလုပ်ငန်း မလုပ်ရန် အသိပေးချက်ထုတ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင်များ စီးပွားရေးလုပ်ငန်းမလုပ်ကိုင်ကြရန် အချက် လေးချက်ပါဝင်သော အသိပေးကြေညာစာ ထွက်ရှိလာသည်။

အဆိုပါစာကို မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်လ်ခရိုင်ရှိ Deputy Commissioner ဖြစ်သူ Dr. Lalhriatzuali Ralte ၏ လက်မှတ်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် စစ်ရှောင်များအနေဖြင့် အစိုးရ၏အသိအမှတ်ပြုမှုမရှိဘဲ စီးပွားရေးလုပ်ငန်းများမလုပ်ကြရန်နှင့် ဥပဒေနှင့်ဆန့်ကျင်သော ပစ္စည်းများ တင်သွင်း၊ ရောင်းချခြင်း မပြုရန် တားမြစ်ထားသည်။

“ စီးပွားရေးလုပ်ငန်းလုပ်နိုင်တဲ့သူက အနည်းအကျဉ်းလောက်ပဲထင်တယ်၊ စခန်းတွေထဲနေတဲ့သူတွေကတော့ အပြင်ထွက်လုပ်နိုင်ကြမယ်မထင်ဘူး။ အပြင်နေတဲ့ ထဲကပဲရှိမယ်။ စကားတတ်ရမယ်၊ အရင်းအနှီးရှိရမယ်ဆိုတော့ လူအများကြီးက လုပ်နိုင်မယ်တော့မထင်ဘူး” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက သုံးသပ်သည်။

အိုက်ဇောလ်ခရိုင် DC ထုတ်ပြန်ချက်တွင် စစ်ဘေးရှောင်များအနေဖြင့် အစိုးရ၏အသိအမှတ်ပြုမှု၊ ခွင့်ပြုချက်မပါဘဲ အိမ်ခြံမြေများဝယ်ယူခွင့်မရှိဟုလည်း ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်များပါလာသော ယာဉ်၊ ဆိုင်ကယ်များကို ရပ်/ကျေး အဆင့် စစ်ဘေးရှောင်ကော်မတီထံ စနစ်တကျ အသိပေးကြရန်လည်း ကန့်သတ်ထားသည်။

အလားတူ မြန်မာနိုင်ငံသားအနေဖြင့် အိန္ဒိယနိုင်ငံသား စိစစ်ရေးကဒ်ပြား၊ မဲပေးခွင့်ကဒ်ပြား (Voters ID)၊ ယာဉ်မောင်းလိုင်စဉ် (Driving License) နှင့် Aadhar Card များကို တရားမဝင်သော နည်းလမ်းများဖြင့် မပြုလုပ်ကြရန်တို့လည်း ပါရှိသည်။

ယင်းအမိန့်ကြေညာချက်အား လိုက်နာစောင်ရွက်ခြင်း ရှိ၊ မရှိအား ရပ်/ကျေး အဆင့် စစ်ဘေးရှောင်ကော်မတီများမှ စောင့်ကြည့်နေပြီး အကယ်၍ လိုက်နာခြင်းမရှိပါက Distric Task Group on Myanmar Refugees ဥက္ကဋ္ဌ ထံသို့ သတင်းပေးပို့ကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြဿနာများကြောင့် စစ်ဘေးရှောင်များသည် မီဇိုရမ်အတွင်း အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိပြီး ၎င်းတို့အား စနစ်တကျစောင့်ရှောက်နိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ တိုးမြင့်လာနေ၍ အချို့ဒေသခံများ အမြင်မကြည်လင်မှုများဖြစ်ပေါ်နေချိန် ယခုကဲ့သို့ တားမြစ်မိန့်များ ထွက်ပေါ်လာခြင်းဟုဆိုသည်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များအား တရားဝင်အသိအမှတ်ပြု၊ ကူညီပေးခြင်းမရှိဘဲ မီဇိုရမ်ပြည်အစိုးရနှင့် လူမှုရေး၊ ဘာသားရေးနှင့် ပရဟိတစေတနာရှင်များ၏ ကူညီ လှူဒါန်းမှုများဖြင့် ရပ်တည်နေရကြကြောင်း ဒေသတွင်းရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...