စစ်ဘေးရှောင်များအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး အစီစဉ်မရှိပါက နေရပ်ပြန်မပို့နိုင်ဟု မီဇိုရမ်အစိုးရပြော

စစ်ဘေးရှောင်များအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး အစီစဉ်မရှိပါက နေရပ်ပြန်မပို့နိုင်ဟု မီဇိုရမ်အစိုးရပြော

မီဇိုရမ်ပြည်နယ်တွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးအစီစဉ်များ စနစ်တကျ ဆောင်ရွက်ထားခြင်းမရှိပါက မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို ပြန်လည်မပို့ဆောင်နိုင်ကြောင်း အိန္ဒိယဗဟိုအစိုးရကို ပြောဆိုလိုက်သည်။

နယူးဒေလီမြို့ကိုရောက်ရှိသော မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ State Planning Board ဒုတိယဥက္ကဌ Pu H. Rammawi သည် စက်တင်ဘာလ ၁၃ ရက်က အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းရေးမှူး Smita Pant နှင့် တွေ့ဆုံကာ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်၏ သဘောထားကို တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများ အထူးသဖြင့် ချင်းပြည်နယ်နှင့် ကလေးမြို့နယ်ကပြည်သူများ အများဆုံး ဝင်ရောက်ခိုလုံကြသည့် ပြည်နယ်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထားရေးအတွက် အိန္ဒိယနှင့် စစ်ကောင်စီတို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြသော ကြေးနန်းစာတစ်စောင် ပြီးခဲ့သည့် သြဂုတ်လအတွင်း ပေါက်ကြားလာခဲ့သည်။

ယင်းလျှိူ့ဝှက်စာတွင် နှစ်နိုင်ငံကြားနယ်စပ်ဒေသရှိ နေရပ်စွန်ခွါသူများအား နေရပ်ပြန်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် တာဝန်ရှိအဖွဲ့အစည်းများမှ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးတို့အပါအဝင် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဗဟိုအစိုးရအဆင့်တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းဆောင်ရွက်ခွင့်ပြုနိုင်ရန် မြန်မာဘက်က တာဝန်ခံ၊ ဦးဆောင်ဝန်ကြီးဌာနအား သတ်မှတ်ပေးရန် စသည်တို့ ပါဝင်ခဲ့သည်။

ယင်းကဲ့သို့အခြေအနေများတွင် စစ်ဘေးရှောင် နေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အစိုးရက သူ၏ သဘောထားရပ်တည်ချက်ကို အိန္ဒိယဗဟိုအစိုးရထံ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...