စကစမှ တပ်ကူများပို့နေချိန်အတွင်း မောင်တောမြို့နယ်မှ မီးတိုက်နယ်ခြားစောင့်တပ်စခန်းကို AA ဝင်တိုက်ခိုက်

စကစမှ တပ်ကူများပို့နေချိန်အတွင်း မောင်တောမြို့နယ်မှ မီးတိုက်နယ်ခြားစောင့်တပ်စခန်းကို AA ဝင်တိုက်ခိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက တပ်ကူများပို့ပြီး အင်အား ဖြည့်တင်းနေချိန်အတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်ရေးအရအရေးပါသည့် မီးတိုက် နယ်ခြားစောင့်တပ်စခန်းကို ယနေ့ညနေက ဝင်ရောက်တိုက်ခိုက်နေသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရှိရသည်။

"မီးတိုက်စခန်းကို အေအေကဝင်တိုက်နေပါတယ်။ အခုထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ တိုက်ပွဲ အရမ်းပြင်းထန်နေပါတယ်" ဟု ပြောသည်။

စက်တင်ဘာ ၁၅ ရက် ညနေ  ၄ နာရီခန့်မှစတင်ကာ ၅ နာရီခွဲအချိန်အထိ  နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း အနီးအနားရှိ ဒေသခံများကလည်း ပြောဆိုသည်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေပြီး  လက်နက်ကြီးကျည်များလည်း အနီးအနား ကျရောက် ပေါက်ကွဲမှုရှိနေ၍ ကျေးရွာသားများ တောထဲတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း မီးတိုက်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

"အခုထိပစ်ခတ်နေကြပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ကျနော်တို့ ပြေးနေရတယ်။ အခုတောထဲမှာပါ။ အိမ်မှာလည်းနေလို့မရ။ ထမင်းလည်းမစားရ။ ကျနော်တို့မိသားစုအားလုံး တောထဲမှာပါ"ဟု ညနေ  ၅ နာရီခွဲက နိရဉ္စရာကို ပြောသည်။

မီးတိုက်တပ်စခန်းကို စက်တင်ဘာလ ၉ ရက်နေ့ကလည်း အေအေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  ယနေ့ ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် အေအေပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

ယနေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကို အေအေဝင်ရောက်တိုက်မှု အပါအဝင် နေရာသုံးခုတွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကျီးဝတပ်စခန်းမှ စစ်ကောင်စီတပ်သားများ ယနေ့နံနက်က စခန်းကိုစွန့်လွှတ်ကာ တပ်ဆုတ်ခွာသွားကြောင်း သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...