ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသူများကို စစ်တပ်ကနှိပ်စက်ကာ ၆ ဦးကို အေအေဟုဝန်ခံခိုင်းပြီး ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲ

ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသူများကို စစ်တပ်ကနှိပ်စက်ကာ ၆ ဦးကို အေအေဟုဝန်ခံခိုင်းပြီး ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧည့်စာရင်းစစ်မှုကိုအကြောင်းပြ ဖမ်းဆီးထားသည့် အရပ်သားများကို စစ်တပ်က အပြင်းအထန်နှိပ်စက်ကာ ၎င်းတို့အထဲမှ ၆ ဦးကို အေအေဟု အတင်းဝန်ခံခိုင်းပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်  တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။

၎င်းတို့ ၆ ဦးကို စက်တင်ဘာ ၁၄ ရက်နေ့က ရုံးထုတ် ရမန်ထပ်ယူခဲ့သည်ဟု သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်သူ ၆ ဦးမှာ ကျောက်ဖြူမြို့ ကုလားဘာတောင် ရပ်ကွက်မှ ဦးတင်ညွန့် (၄၂) နှစ်၊ ဦးဝင်းအောင် (၂၉) နှစ်၊ ရခိုင်ပိုက်ဆိပ် ရပ်ကွက်မှ ဦးဦးဘသန်း (၄၂) နှစ်၊ ဦးစိုးဝင်းနိုင်၊ စေတီတောင် ရပ်ကွက်မှ ဦးဝင်းနိုင် (၂၉) နှစ်နှင့် အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး (၄၃) နှစ်တို့ ဖြစ်ကြသည်။

သူတို့ကို ကျောက်ဖြူမြို့အခြေစိုက် တပ်ရင်း (၃၄) မှ ဗိုလ်မှူး တင်အောင်ကျော် က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူတို့အထဲက ဦးစိုးဝင်းနိုင်၊ ဦးဝင်းအောင်၊ ဦးဦးဘသန်း၊ ဦးဝင်းနိုင်နှင့် ဆလိုင်းကိုအေးတို့ကို စက်တင်ဘာလ ရ ရက်နှင့် စက်တင်ဘာလ ၁၁ ရက် ညက ဧည့်စာရင်းလာစစ်သည်ဟုဆိုပြီး စစ်ကောင်စီတပ်သားများက နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးတင်ညွန့်မှာမူ စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က နေအိမ်မှ အပြင်သို့ ထွက်ချိန်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယမန်နေ့ စက်တင်ဘာ ၁၄ ရက်က တရားရုံးတွင် ရမန်ယူချိန်မှ အဖမ်းခံရသည်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင်မဖြစ်သူ ဒေါ်မိမိထွန်းက ပြောသည်။

“ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ လောက်က ရဲစခန်းကို ရောက်နေတယ်လို့ အိမ်နားက လူတွေက ကြားမိကြတယ်ဆိုလို့  ရဲစခန်းကို သွားပြီးမေးကြည့်တယ်။ ရဲစခန်းက မရောက်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ရုံးတင်မှ ရုံးက နင့်လင် ဒီမှာအချုပ်ကားနဲ့ပါလာတယ်လို့ မနေ့က ညနေ ၃ နာရီလောက်မှ သိရတယ်။ လိုက်သွားတော့ ပါလာတယ်။ လူ ၆ ယောက်တစ်စုတည်းပါလာတယ်။ ၅၀၅ (က) နဲ့ စွဲထားတယ် ဆိုပြီးတော့”ဟုပြောသည်။

ဖမ်းဆီးခံထားရသည့်အချိန်တွင် အေအေအဖွဲ့ဝင်ဟုဆိုကာ မတရား ညှဉ်းပန်းနှိပ်စက်မှုများရှိကြောင်းနှင့် ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက်သည့် ဒဏ်များကို မခံစားနိုင်သည့်အတွက် အေအေအဖွဲ့ဝင်ဟု မဟုတ်မမှန် ဝန်ခံခဲ့ရသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

“သူတို့ကို အကြီးအကျယ် ရိုက်နှက်နှိပ်စက်တယ်လို့ပြောတယ်။ အရမ်း ရိုက်တယ်၊ အရမ်း နှိပ်စက်တယ်လို့ ပြောတယ်။ မင်းတို့ အေအေအဖွဲ့ဝင် မဟုတ်လား၊ မင်းတို့ အေအေ မဟုတ်ဘူးလားလို့မေးတယ်ပြောတယ်။ အရမ်းကြီးနှိပ်စက်လွန်းလို့ မခံနိုင်လို့ ကြောက်လို့၊ မဟုတ်ရင်လည်း သူတို့တွေဆီမှာ ဒူးထောက်၊ မျက်နှာကို အဝတ်မဲနဲ့ ချုပ်၊ အကြီးအကျယ် ရိုက်တယ်၊ နှိပ်စက်တယ်၊ မခံနိုင်၊ ဒါကြောင့် မဟုတ်ရင်လည်း ဟုတ်တယ်လို့ ဝန်ခံရတယ်။ ဒါမှ အရိုက်ခံရတာလွတ်တယ်တဲ့” ဟုပြောသည်။

ယခုကဲ့သို့ မတရားဖမ်းဆီးနှိပ်စက်ခံထားရသည့်အတွက် ဦးတင်ညွန့်၏ အိမ်ရှင်မဖြစ်သူ ဒေါ်မိမိထွန်းက အထူး စိတ်မကောင်းဖြစ်ရသည်ဟု ပြောသည်။

“မလုပ်ဘဲနန့် လုပ်တယ်လို့ တရားစွဲထားတော့ ပြန်လွှတ်ပေးစေချင်တယ်။ မလုပ်ဘဲ ဒီလိုမျိုး စွပ်စွဲခံရတာ။ မိသားစုနဲ့ စားဝတ်နေရေးကို သူတစ်ယောက်ပဲ ဖြေရှင်းပေးနေတာ။ အိမ်မှာ မိသားစုဝင် ၈ ယောက်ရှိတယ်။ သူတစ်ယောက်တည်းရှာကျွေးနေတာ” ဟု သူမက ပြောသည်။

ဦးတင်ညွန့်မှာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ဖမ်းဆီးထားသည့်အချိန်တွင် ထမင်းမကျွေးဘဲထားသည်ဟု တရားရုံးတွင် ရုံးထုတ်ရမန်ယူချိန်တွင် သူတို့ကပြောပြခဲ့သည်ဟု ဦးဝင်းအောင်၏ အိမ်ရှင်မဖြစ်သူ ဒေါ်ခင်သန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“သူတို့ကို ထမင်းမကျွေးဘူးပြောတယ်။ ၄ ရက်တိတိ ထမင်းမကျွေးဘူး ပြောတယ်။ ပုံမှန်လူတွေလို မဟုတ်ဘဲ ပိန်ပြီး မြင်လိုက်တယ်။ ကျမ ယောကျ်ားကို အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ကျမမှာလည်း ကလေး ၂ ယောက်နဲ့ ဘယ်လိုရုန်းကန်ရမယ်မှန်းမသိတော့ဘူး။ အခုလည်း ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိသေးတယ်။ သူသမီးတစ်ယောက်လည်း အဖေမရှိလို့ ထမင်းမစား၊ ဟင်းမစား၊ ငိုနေတယ်။ အဖေ့ကိုပဲရှာနေတယ်။ ကျမယောက်ကျားက ဘေးတွဲဆိုင်ကယ်မောင်းပြီး ရိုးရိုးသားသား လုပ်စားနေတာပါ” ဟုပြောသည်။

သူတို့ အမှုကို လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့ကို ထပ်မံချိန်းဆို ထားသည်ဟု သိရသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဖမ်းဆီးခံရသူမှာ နိရဥ္စရာက စုံစမ်း ရရှိထားသည့်စာရင်းများအရ ၈ ဦးထက်မနည်းရှိနေပြီး နောက်ထပ်လည်း သတင်းမရဘဲ ဖမ်းဆီးခံရသူများလည်း ရှိနိုင်သေးသည်ဟု ဆိုသည်။

မြန်မာစစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သူများဟု သံသယရှိသည့် အရပ်သားများကို လိုက်လံဖမ်းနေရာ လက်ရှိတွင် မြို့နယ်တိုင်းတွင် ဖမ်းဆီးခံရသူများ ရှိနေသည်ဟု သိရသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...