ဂျပန်နိုင်ငံမှ ရခိုင်ပြည်သူများအတွက် လှူဒါန်းထားသည့် ကမ်းရိုးတန်းသွားသင်္ဘော ၃ စီးကို စစ်ရေးအတွက် အသုံးပြုနေ

ဂျပန်နိုင်ငံမှ ရခိုင်ပြည်သူများအတွက် လှူဒါန်းထားသည့် ကမ်းရိုးတန်းသွားသင်္ဘော ၃ စီးကို စစ်ရေးအတွက် အသုံးပြုနေ

ရခိုင်ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရန်အတွက် ဂျပန်နိုင်ငံပြည်သူများမှ လှူဒါန်းထားသော ကစ္ဆပနဒီသင်္ဘော ၃ စီးကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေသည်ဟု သတင်းရရှိသည်။

ဆီဖိုးမတတ်နိုင်ဟုဆိုကာ ခရီးသွားပြည်သူများအတွက် ပြေးဆွဲမှုကို ပြည်နယ်စစ်ကောင်စီက ရပ်ထားပြီးနောက် ကစ္ဆပနဒီအမှတ် (၁) (၂) နှင့် (၃)ကို စစ်သားများကို ပို့ဆောင်ရာတွင် အသုံးပြုလာခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၃ ရက် နေ့ကတည်းက  လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်သားများကို ထွက်ခွာရန်အသင့်တင်ဆောင်ထားပြီး  ယနေ့နံနက်က ရွှေမင်းဂံဆိပ်မှ မောင်တောမြို့သို့ ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတစ်ယောက်က ပြောသည်။

“ မနေ့ကတည်းက ပြင်ဆင်နေတာတွေ့ရတယ်။ ဒီနေ့မနက် အာရုဏ်တက် အချိန်မှာ ထွက်သွားပြီလို့ သိရပါတယ်။ စစ်သား အင်အား ၅၀၀ လောက် လက်နက်၊ ရိက္ခာတွေတင်ပြီး မောင်တောဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသင်္ဘောများသည် စစ်သားများကို တင်ဆောင်ပြီး ယနေ့နံနက်က မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းကို ရောက်ရှိလာသည်ဟု သိရသည်။

ဒေသခံ တစ်ဦးက “ ကညင်ချောင်း ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာ သင်္ဘောသုံးစီးတွေ့ရပါတယ်။ နှစ်စီးမဟုတ်ပါ။ သုံးစီးတွေ့ရပါတယ်”ဟု ပြောဆိုသည်။

ကစ္ဆပနဒီ သင်္ဘောသုံးစီးကို ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့က အောင်တံခွန် (၃) နစ်မြုပ်ပြီး လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့ပြီးနောက် ရခိုင်ပြည်သူများ ရေကြောင်းသွားလာရေးတွင် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ ပြည်သူများမှ လှူဒါန်းထားခြင်း ဖြစ်သည်။

၎င်းသင်္ဘောများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉  ခုနှစ်များတွင် ရခိုင်ပြည်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ပြည်သူများအတွက် လှူဒါန်းထားသည့် သင်္ဘောကို စစ်ပွဲအတွက် အသုံးပြုနေခြင်းမှာ အလွန်ဆိုးရွားသည့် လုပ်ရပ်ဖြစ်သည်ဟု စစ်တွေမြို့ခံနောက်တစ်ဦးကလည်း  ယခုကဲ့သို့ပြောသည်။

“ ပြည်သူတွေအတွက် သူများကလှူထားဒါကို ပြည်သူတွေအတွက် အကျိုးရှိအောင်မသုံးဘဲ စစ်ကောင်စီက ဒီလို စစ်ရေးအတွက် အသုံးပြုတယ် ဆိုတာက ပြည်သူတွေရော နိုင်ငံတကာကပါ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီလို အရပ်ဘက်အသုံးပြုတဲ့ သင်္ဘောတွေကို စစ်ရေးမှာ သုံးတယ်ဆိုကတည်းက ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရနိုင်ဘူး” ဟု ဆိုသည်။

ဂျပန်က လှူဒါန်းသည့် သင်္ဘောများကို ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မြေပုံမြို့များ အကြား အစပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း အရှုံးပေါ်သည်ဟုဆိုကာ ပြေးဆွဲခြင်းကို ရပ်ထားသည်ဟု သိရသည်။

မောင်တောမြောက်ပိုင်းက စစ်ကောင်စီစခန်းတချို့ကို ရက္ခိုင့်တပ်တော်က သိမ်းယူထားပြီးနောက် စစ်ကောင်စီက အဆိုပါစခန်းများကို ပြန်လည် ရယူနိုင်ရန် လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များကို အသုံးပြုကာ အဆက်မပြတ်တိုက်ခိုက်နေသည်။

ယခုကဲ့သို့ စစ်ကောင်စီက အင်အားထပ်တိုးချမှုများ ပြုလုပ်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟုလည်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...