ကလေးမြို့က ကျေးရွာတချိူ့ကို စစ်ကောင်စီက လျှပ်စစ်မီး စတင်ဖြတ်တောက်

ကလေးမြို့က ကျေးရွာတချိူ့ကို စစ်ကောင်စီက လျှပ်စစ်မီး စတင်ဖြတ်တောက်

ကလေးမြို့မြောက်ဘက် နတ်ပျဉ်းအုပ်စုထဲက ကျေးရွာ ၆ ရွာကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ကစလို့ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ် လို့ သိရပါတယ်။

ကလေးမြို့နယ် နတ်ကြီးကုန်းနှင့် ပျဉ်းခုံလေး (နတ်ပျဉ်း) အုပ်စုထဲက နတ်ကြီးကုန်း (Tuivar)၊ ပျဉ်းခုံလေး၊ မင်းလှ၊ စံပြ၊ ရွာလှ (Khawmawi) နှင့် နန်းဇလုံ စတဲ့ကျေးရွာ ၆ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ခုလို လျှပ်စစ်မီး ရုတ်တရက်ဖြတ်တောက်ခံရတဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် လျှပ်စစ်မီတာကြေး အခွန်မဆောင်တာကြောင့်ဖြစ်နိုင်တယ်လို့ နတ်ကြီးကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ "လွန်ခဲ့တဲ့ ၃ လလောက်က လျှပ်စစ်ဌာနက ခေါ်ပြီး လျှပ်စစ်မီတာကြေးအခွန်ဆောင်ကြဖို့ ပြောတယ် တကယ်လို့အခွန် မဆောင်ရင်တော့ လျှပ်စစ်မီးဖြတ်တောက်ခံရ နိုင်တယ်ဆိုပြီး ပြောတယ်၊ ကျနော်တို့ရွာသားတွေကလည်း ဘယ်လိုဘယ်လို ဆောင်ရမလဲဆိုတာ မသိတော့ ရွာကိုလာပြီး လျှပ်စစ်မီးတာကြေးတွေ လာကောက်ကျဖို့ လျှပ်စစ်ဌာနကလူတွေကို ကျနော်တို့ ကပြန်ပြောတယ် ဒါပေမယ့် သူတို့ကလည်းမလာဘူး ကျနော်တို့ ဘက်ကလည်း သွားမဆောင်တော့ ခုလိုလျှပ်စစ်မီးဖြတ် တောက်သွားတာဖြစ်မယ်လို့ယူဆရပါတယ်"လို့ နတ်ကြီးကုန်းရွာသား တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေဟာ သူတို့ကျေးရွာအတွင်းက လျှပ်စစ်မီး ဖျူးကြိုး (Fuse) တွေကိုလည်း အားလုံးလာဖြုတ်လိုက်ကြတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ကျေးရွာနေပြည်သူတွေဟာ အတော်လေးအခက်ကြုံနေရပြီး ထမင်း၊ ဟင်းချက်ဖို့ ထင်းနဲ့မီးသွေးတွေကို ပြန်လည်အသုံးပြုနေရသလို ညမှာလည်း အလင်းရရှိဖို့ ကိုယ်ထူကိုယ်ထနဲ့ ဆိုလာမီးတွေကို ပြန်လည်အသုံးပြုလာရတယ်လို့ သူကဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးအုံ့၊ မိုးရွာပြီး နေသိပ်မထွက်တာကြောင့် ဆိုလာလည်း ဘက်ထရီအားမဝင်နိုင်တဲ့အတွက် ညမှာ မီးလင်းဖို့ကိုတောင် အဆင်မပြေကြဘူးလို့ သိရပါတယ်။ နတ်ပျဉ်းအုပ်စုထဲက အဲဒီကျေးရွာ ၆ ရွာဟာ မဟာဓာတ်အားလိုင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ရရှိခဲ့ကြတာလို့ သိရသိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို နည်းမျိုးစုံနဲ့တော်လှန်ခဲ့ကြပြီး စစ်ကောင်စီယန္တရား လည်ပတ်မှုရပ်တန့်စေဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြသလို အာဏာသိမ်းစစ်ကောင်စီထံ လျှပ်စစ်မီတာကြေးလည်း အခွန်မဆောင်ခဲ့ကြတော့ပါဘူး။

နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာကြေးပေးဆောင်ကြဖို့ မပေးဆောင်ရင် မီးဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပြီးနောက် ခုလို လက်တွေ့ မီးဖြတ်တောက်မှု စတင်လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...