လာမည့် ပွင့်လင်းရာသီအတွင်း မွန်ပြည်နယ် ဇာတ်သဘင်အဖွဲ့များ ကပြဖျော်ဖြေနိုင်ရန် စီစဉ်နေ

လာမည့် ပွင့်လင်းရာသီအတွင်း မွန်ပြည်နယ် ဇာတ်သဘင်အဖွဲ့များ ကပြဖျော်ဖြေနိုင်ရန် စီစဉ်နေ

လာမည့်ပွင့်လင်းရာသီတွင် မွန်ပြည်နယ်အတွင်းမှာရှိသည့် ဇာတ်သဘင်များ ကပြဖျော်ဖြေနိုင်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း ဇာတ်သဘင်အစည်းအရုံးထံမှ သိရသည်။

လက်ရှိတွင် ဇာတ်အဖွဲ့များ မိမိအဖွဲ့ကိုယ်စီနှင့် ဇာတ်တိုက်နေသည့်အပြင် သင်တန်းတက်လေ့ကျင့်နေမှုများ ရှိနေပြီး ဇာတ်သဘင်ပြန်လည်အသက်ဝင်ရန် စီစဉ်နေကြောင်း မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ နိုင်ဆန်းလင်းက ပြောသည်။

“ကျနော်တို့ဆီမှာ ပါမစ် (ကပြခွင့်လိုင်စင်) တင်ထားတာ ဇာတ်သဘင်အဖွဲ့တွေက ၃၈ ဖွဲ့ရှိတယ်။ မွန်ရော၊ ဗမာရောပေါ့နော်။ ဗဟိုသဘင်အစည်းအရုံးကလည်း ချပေးထားပြီးပြီ။ ဆက်လုပ်ဖို့ပဲရှိတယ်။ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာလည်း ၃ နှစ်နီးပါး နားထားရတာဆိုတော့ အနုပညာသမားအားလုံးက စားဝတ်နေရေး အခက်အခဲအရမ်းဖြစ်ခဲ့တယ်လေ၊ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ဖြစ်အောင်လုပ်ဖို့ပဲလိုတယ်” ဟု ပြောသည်။

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလနှင့် နိုင်ငံရေးအခြေနေမတည်ငြိမ်မှုများကြောင့် ဇာတ်သဘင်များ အားလုံးနားထားရသည့်အတွက် ယခုပြန်လည် ကပြခွင့်ရသည့်အချိန်တွင် ငွေရေး၊ ကြေးရေး အထောက်အပံ့ရထားကြောင်း ၎င်းက ဆက်ပြောသည်။

ယခု စက်တင်ဘာလအကုန်တွင် ဗမာဇာတ်သဘင်များ ကရင်ပြည်နယ်ဘက်တွင် စတင် ကပြဖျော်ဖြေမှာဖြစ်ပြီး မွန်ဇာတ်သဘင်များ မွန်ဒေသလုံခြုံရေးအတွက် အချိန်အနည်းငယ်ဆိုင်းရမည်ဖြစ်ကြောင်း ဇာတ်သဘင် ဦးဆောင်သူ နိုင်ဒိုင်နာက ပြောသည်။

“ကျနော်တို့ မွန်ဇာတ်သဘင်တွေက မုဒုံ၊ သံဖြူဇရပ်၊ ရေး ဒီမြို့နယ်တွေကိုပဲ အားထားရတာဆိုတော့ လောလောဆယ်တော့ လုံခြုံရေးအရ ကျနော်တို့ လှုပ်ရှားလို့ မရသေးဘူး။ ဒါပေမဲ့ မွန်ပြည်နယ်ထဲမှာရှိတဲ့ ဇာတ်သဘင်တွေအားလုံး ကပြနိုင်ဖို့ကိုတော့ ကျနော်တို့ စီစဉ်ထားပြီးသားပါ” ဟု ၎င်းက ပြောသည်။

ဇာတ်သဘင်ပညာရှင်များအနေဖြင့် ကပြဖျော်ဖြေခွင့်ရထားသော်လည်း ဇာတ်သဘင်နှင့် ပတ်သက်သည့် ပစ္စည်းများ ဈေးမြင့်နေခြင်းနှင့် လုံခြုံရေး အခြေနေများ စိုးရိမ်နေရခြင်းသည် ဇာတ်သဘင်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေကြောင်း နိုင်ဒိုင်နာက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် သဘင်အစည်းအရုံးမှ ကပြဖျော်ဖြေခွင့် လိုင်စင်ရရှိထားသည့် ဇာတ်သဘင် စုစုပေါင်း ၃၀ ကျော် ရှိကြောင်း သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...