အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ကလေးငယ် ၆,၀၀၀ နီးပါး ပညာသင်ကြားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ကလေးငယ် ၆,၀၀၀ နီးပါး ပညာသင်ကြားနေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ကလေးငယ် ၆,၀၀၀ နီးပါးပညာသင်ကြားနေကြောင်း မီဇိုပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးမှ ပြောကြားသည်။

စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် Chin Community USA (CCUSA) မှ ပြုလုပ်ခဲ့သည့် ချင်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသော ပညာရေးဝန်ကြီး Lalchandama Ralte (လားချန့်ဒမ်မာ ရားလ်သဲ) မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

Chin TV International မှ ထုတ်လွှင့်ခဲ့သည့်ဗွီဒီယိုထဲတွင် မီဇိုရမ်ပြည်နယ်သို့ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ခိုလှုံလာသောစစ်ဘေးရှောင်များအတွက် အမြဲတံခါးဖွင့်ထားပြီး လက်ရှိအချိန်တွင် အစိုးရ၊ ခရစ်ယာန်အသင်းတော်၊ အရပ်ဖက်အဖွဲ့အစည်းများမှ အကူအညီများပေးအပ်နေကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ပေးထားပြီး ကလေးငယ်အယောက် ၆,၀၀၀ နီးပါးကိုလည်း ပညာရေးမဆုံးရှုံးစေရန် ပညာသင်ကြားခွင့်ပြုထားကြောင်း သိရသည်။

ယင်းကလေးငယ်များကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်များအပြင် နေ့လယ်စာပါ ကျွေးမွေးထားကြောင်းနှင့် တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

၁၉၆၆ ခုနှစ်တွင် မီဇိုရမ်ပြည်သည် အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲခဲ့ကြသည်။

ယင်းအချိန်တွင် အိန္ဒိယစစ်တပ်မှ မီဇိုးပြည်သူလူထုပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြပြီး ပြည်သူအများအပြားမှာ ချင်းပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်းနှင့် ချင်းလူမျိုးများက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးမှ ပြောဆိုသည်။

မြန်မာနိုင်ငံစစ်တပ်အာဏာသိမ်းအပြီး စစ်ကောင်စီတပ်မှ နည်းမျိုးစုံဖြင့် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ပြည်သူ ၄၀,၀၀၀ ကျော်သည် မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးခိုလှုံနေကြရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ပုံစာ - မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...