ရှမ်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ပြည်သူများကို ဖိနှိပ်နေသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို I.F.D.M ကန့်ကွက်

ရှမ်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ ပြည်သူများကို ဖိနှိပ်နေသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို I.F.D.M ကန့်ကွက်

ရှမ်းပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းပြီး ဒေသခံများကို ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်နေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အင်းလေး ဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု ကွန်ရက် (I.F.D.M) က စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။

ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) တို့သည် ပူးပေါင်းတပ်စွဲကာ လမ်းမပေါ် ဖြတ်သန်းသွားလာနေသော ပြည်သူများကို အတင်းအဓမ္မ စစ်ဆေး မေးမြန်းခြင်းနှင့် ငွေညှစ်ခြင်းများပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ကလည်း အင်းလေးဒေသ၊ ဘီလူးချောင်း အရှေ့ခြမ်း ပင်လောင်းမြို့နယ်၊ နမ့်တုတ်ရွာ (အင်းသားကျေးရွာ) နှင့် ကုန်းသာရွာ (ရှမ်းရွာ)တွင် မူးယစ်ဆေးဝါး အကြောင်းပြပြီး PNO အဖွဲ့ဝင်များက လူ သုံးဦးကိုဖမ်းဆီးကာ တစ်ဦးလျှင် ကျပ်သိန်း ၃၀ ဖြင့် လာရောက်ရွေးယူစေကြောင်း ဒေသခံများထံကသိရသည်။

ထို့အပြင် ဖယ်ခုံမြို့နယ် လွယ်ပေါဒေသအတွင်း ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ရွှေငွေ၊ အဝတ်အစား၊ ပရိဘောဂ အပါအဝင် ထော်လာဂျီ အစီး ၁၅၀ ကျော်၊ လက်ကိုင်ထွန်စက် အစီး ၅၀၀ ကျော်နှင့် ဆိုင်ကယ်အစီး၂၀၀ ကျော်ကိုလည်း PNO အဖွဲ့က ယူဆောင်သွားကြောင်း I.F.D.M ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PNO တပ်ဖွဲ့ဝင်များက ညောင်ရွှေမြို့နယ်ကို အင်းလေးဒေသ PNO နယ်မြေ ဖြစ်ကြောင်း ပြောဆိုကာ ဝင်ရောက်တပ်စွဲပြီး လက်နက်အားကိုး၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် I.F.D.M အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အရွယ်ရောက်ပြီးသူများအားလုံးကို PNO ပြည်သူ့စစ်အဖြစ် စုဆောင်းမည့် ကြေညာချက်စာတစ်စောင်အား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသေးသည်။

''ပြည်သူ့စစ်ဖွဲ့ဖို့အခြေအနေက ရှိပြီးသားလေ။ လူသစ်စုဆောင်းတာတွေ ထပ်တိုးတဲ့အခြေနေလည်း အမြဲဖြစ်နေတာပေါ့။ သူတို့ (PNA) က လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ပြီး ပြည်သူ့စစ်အဖြစ်နေလိုက်တာပေါ့''ဟု I.F.D.M မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အင်းလေးဒေသ ဖယ်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ (I.F.D.M) သည် အင်းလေးဒေသဖွား တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...