ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် အထိ ရှိလာ

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် အထိ ရှိလာ

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးမှုကြောင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်များမှ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက် DPPN မှ ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

လက်ရှိတွင် ထားဝယ်အကျဉ်းထောင်အတွင်း၌ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အပါဝင် နိုင်ငံရေး အကျဉ်းသား ၂၀၁ ဦးမှာ အမိန့်ချမှတ်ခံထားရသူများဖြစ်ပြီး အမိန့်မချသေးဘဲ အမှုရင်ဆိုင်နေရသူ ၁၃၀ ဦး ရှိနေသေးသည်ဟု DPPN က တာဝန်ရှိသူတစ်ဦးကပြောသည်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN မှ တာဝန်ရှိသူတစ်ဦးက “စာရင်းအရကတော့ ကျနော် တို့လည်းရဖို့ခက်တာကြောင့် အတတ်နိုင်ဆုံးတော့ သိရသမျှ ထုတ်ပြန်ပေးသွားမယ်။ ပြည်သူတွေလည်း ထောင်တွင်းအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ကြစေချင်တယ်” ဟု ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၀၁ ဦးမှာ လက်ရှိ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့အထိ နောက်ဆုံးရရှိ ထားသော အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသား (အမျိုးသား) စာရင်းသာဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသူများထဲတွင် NLD ပါတီ ထိပ်ပိုင်းခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ပြည်သူများဖြစ်ကြပြီး ၎င်းတို့ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရား ဖမ်းဆီး ခံထားရသူများဖြစ်ကြောင်း ။ အဆိုပါ နိုင်ငံရေးအကျဉ်သားများတွင် ထောင်ဒဏ် ကိုးနှစ်မှ ၂၈ နှစ်အထိ ချမှတ်ခံထားရသူ ၅၅ ဦး၊ တိုက်ပိတ်ခံရသူ ငါးဦးနှင့် တစ်သက်ကျွန်း ပစ်ဒဏ်ချမှတ်ခံထားရသူ တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

“လက်ရှိအချိန်ထိတော့ ထားဝယ်အကျဉ်းထောင်မှာ ထောင်ပြောင်းအကျဥ်းသားတွေတော့ မရှိသေးပါဘူး၊ သေနတ်ဒဏ်ရာရပြီး လက်မောင်းရိုးကျိုးနေတဲ့ ဝေယံဖြိုးဆိုတဲ့ အကျဥ်းသားကတော့ အင်းစိန်ထောင်မှာ ဆေးကုသမှုခံယူဖို့ ရောက်နေတာတော့ရှိတယ်”ဟု DPPN မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၁ ဦးမှာ လက်ရှိထားဝယ်ထောင်တွင် ဖမ်းဆီးခံထားရသူများဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူများကို စာရင်းထဲသို့ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူစာရင်းကိုလည်း မကြာခင်ထုတ်ပြန်သွားမည်ဟု ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN မှ သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...