နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီလက်အောက်ခံရဲ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီလက်အောက်ခံရဲ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏခရိုင် တရားရုံးရှိ စစ်ကောင်စီတပ်၏ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးသေဆုံး၍ နှစ်ဦး ထိခိုက် ဒဏ်ရာရကြောင်း နေပြည်တော်ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပခထံက သိရသည်။

နေပြည်တော် ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့သည် စဉ့်ကိုင်ဒေသကာကွယ်ရေးအဖွဲ့နှင့် အခြားအမည်မဖော်လိုသော အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှုဖြင့် ဩဂုတ်လ ၂၄ ရက် ည ၈ နာရီတွင် အဆိုပါတရားရုံးအတွင်းသို့ စက်ရုံထုတ် လက်ပစ်ဗုံးလေးလုံးဖြင့် ရှေ့ဆင့်နောက်ဆင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီတပ်တွေ ရှိတဲ့ အဆောက်အဦ ထဲကို ပစ်ထည့်တာ။ တစ်လုံးပစ်ပြီး ကွဲတယ်ဆိုတာသေချာမှ တစ်လုံးထပ်ပစ်တာ။ မျက်မြင်တွေ့ခဲ့တာကတော့ ဖုန်းသုံး နေတဲ့ တစ်ယောက်က လဲကျသွားတယ်။ ပြီးတော့ အဲ့ဒီနားကို တစ်လုံးထပ်ကျတော့ ကျိန်းသေ သေတယ်လို့ ပြောလို့ရပါတယ်" ဟု နေပြည်တော် ဖောင်းဒိုင်းပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ကိုပခက မဇ္ဈိမကို ပြောသည်။

ဒက္ခိဏခရိုင်တရားရုံးအား သွားရောက်ပစ်ခတ်ရာတွင် မဆိုင်သည့်သူများကို ထိခိုက်မည်စိုး၍ ယခုကဲ့သို့ ညအချိန်ကိုရွေးချယ်ကာ ပြုလုပ်ရခြင်းဖြစ်ပြီး ပစ်ခတ်ချိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ငါးဦးခန့်ရှိကြောင်း သိရသည်။

ဗုံးပစ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦကို ပြန်လည် ပြင်ဆင်မွန်းမံ၍ တရားရုံးလုပ်ငန်းများကို မူလအတိုင်းလုပ်ဆောင်နေပြီး တိုက်ခိုက်ခံရသည့် သတင်းအား စစ်ကောင်စီမှ ဖုံးကွယ်ထားကြောင်းသိရသည်။

" မတရားမှုတွေကို ဆုံးဖြတ်ပေးတဲ့ နေရာတစ်ခုမို့လို့ အခုတရားရုံးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုံးတွေက မတရားမှုတွေကို ဆုံးဖြတ်နေတယ်။ ဒါတွေက မျှတမှု မဟုတ်ဘူး။ စစ်အုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုနေတဲ့ နေရာတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်တွေကိုလည်း မတရားအမိန့်ချခဲ့တာတွေရှိတယ်။ တခြားပစ်မှတ်တွေလည်း အများကြီး ရှိပါသေးတယ်" ဟု ကိုပခက ပြောသည်။

လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေပြည်တော် ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့မှ UG တစ်ဦး၏ ပေါင် ဗုံးဆန်ထိမှန်ခဲ့ပြီး လက်ရှိ အချိန်တွင် လုံခြုံသော နေရာတစ်ခု၌ ဆေးကုသမှု ခံယူနေကြောင်း ကိုပခက ဆိုသည်။

ယခုအကြိမ် ဗုံးပစ်တိုက်ခိုက်မှုသည် နေပြည်တော်ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၏ ခုနစ်ကြိမ် မြောက်စစ်ဆင်ရေးဖြစ်ပြီး အရေးတော်ပုံ အောင်မြင်ရေးအတွက် အားဖြည့်ပြင်ဆင် နေကြောင်း ကိုပခက ပြည်သူများထံသို့ အသိပေး သတင်းစကားဆို သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...