ပလက်ဝမြို့နယ်တွင် ဖွင့်လှစ်သော ပြည်သူ့ကျောင်းများ အကူအညီလိုအပ်နေ

ပလက်ဝမြို့နယ်တွင် ဖွင့်လှစ်သော ပြည်သူ့ကျောင်းများ အကူအညီလိုအပ်နေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဖယ်ဒရယ်ပညာရေးစနစ်ကို ဦးတည်သော ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပညာရေးအား ကျေးရွာပေါင်း ၆၀ ကျော်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်ဖြင့် ကြားကာလပြည်သူ့အခြေပြုကျောင်းများကို ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၀ ကျော်တွင် ယခုနှစ် ဇူလိုင်လမှ စတင်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပြီး အထူးသဖြင့် ကျောင်းသုံးကိရိယာ သင်ထောက်ကူပစ္စည်းများ အခက်အခဲဖြစ်နေသည်ဟု ပလက်ဝ မြို့နယ်ပညာရေးဘုတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျောင်းမှာသုံးမယ့် ကျောင်းသုံးပရိဘောကတွေ၊ ကျောင်းသင်ထောက်ကူပစ္စည်းတွေ ဗလာစာအုပ်ကအစ ပုံနှိပ်စာအုပ် တွေကအစအကုန်လုံးမလုပ်ပေးနိုင်ဘူး အခုတောင်မှ ပုံနှိပ်စာအုပ်တွေဆိုရင် နှစ်ယောက်သုံးယောက်ကပေါင်းပြီးမှ ကြည့် ခိုင်းရတယ် နောက် ပြီး ကျောင်းဝတ်စုံတွေဆိုရင်လုံးလုံးကိုမရှိတော့ဘူး ခုနောက်ပိုင်းဆိုရင် ဒီတိုင်းပဲရိုးရိုးပုံစံနဲ့ပဲကျောင်းတက် ခိုင်းနေရတယ်" ဟု ၎င်းကပြောသည်။

ယခုလက်ရှိတွင် မူလတန်းနှင့် အလယ်တန်းအဆင့်သာ အကောင်အထည်ဖော်ဆောင်နိုင်သေးပြီး ကျောင်းဆရာ၊ ဆရာမ ၁၆၀ ဦးဖြင့် ကျောင်းသား အယောက် ၅၀၀၀ ခန့်ကို သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

ကလေးငယ်များအား ပညာသင်ကြားပေသည့် ဆရာ/ဆရာမ အများစုမှာ ပလက်ဝမြို့နယ်မှဒေသခံပြည်သူ စေတနာ့ ဝန်ထမ်း (Voluntary) များဖြစ်ကြပြီး ဆရာဖြစ်သင်တန်း (ToT) များအား အဆင်ပြေသလိုပို့ ချပြီးနောက် သင်ကြားစေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့အတွက် ညာဏ်ပူဇော်ခအဖြစ် တစ်လလျှင် ကျပ်ငွေ ငါးသောင်းစီ ပေးအပ်ရန်စီစဉ်ထားသော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် တစ်သောင်းစီသာ ပေးအပ်နိုင်သည်ဟု ပလက်ဝ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဆရာ/ဆရာမတွေကို ငါးသောင်းစီပေးဖို့လျာထားပေမယ့် အဆင်မပြေတဲ့အခါကျတော့ တစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ပဲ ပံ့ပိုးနိုင်သေးတယ်" ဟု ၎င်းကပြောသည်။

အလားတူ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မူဖြင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း စစ်ဘေးရှောင်စခန်း ၁၀ ခုတွင်ဖွင့်လှစ်ထားသော အခြေခံကျောင်းများတွင်လည်း သင်ထောက်ကူနှင့် ကျောင်းသုံးကိရိယာများ လိုအပ်နေသည်ဟုလည်း သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...