ပလက်ဝမြို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ အဆမတန်ထိုးတက်

ပလက်ဝမြို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ အဆမတန်ထိုးတက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ သြဂုတ်လ ၁ ရက်နေ့ကစပြီး ပလက်၀-ကျောက်တော် ဆက်သွယ်သည့် ရေကြောင်းနှင့် ကုန်းလမ်းသွားလာမှုကို ပိတ်ထားသောကြောင့် ဆန်နှင့် အခြေခံကုန်ပစ္စည်းအချို့ ပြတ်တောက်နေသည့်အပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။

“ဆန်တွေဈေးတက်နေတယ် ဈေးထဲမှာတော့ ရောင်းတာမရှိဘူး ဒီလမ်းပိတ်တဲ့နောက်၊ ဈေးထဲမှာတော့ ရောင်းတာ မတွေ့ဘူး၊ အခုချိန်မှာ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်ဖြရှင်းကြတယ် တချို့က လှောင်ထားတာရှိမှာ။ အခုက ကြက်ဥတောင် ၃ လုံးတစ်ထောင်ပေးရတယ်၊ အကုန်လုံး ဈေးတက်တယ်၊ ဆီဈေးကအစ အသားငါးအစတက်တယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ စစ်ရေးတင်းမာနေသောကြောင့် စစ်ကောင်စီတပ်က ကျောက်တော်နှင့် ပလက်ဝမြို့ဆက်သွယ်သော ရေလမ်းများ ပိတ်ထားခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုမရှိတာကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်သည်အထိ ဖြစ်လာခြင်းဖြစ်သည်။

ပလက်ဝမြို့ပေါ်တွင် ကုန်စည်တင်သွင်းမှုမရှိခြင်းနှင့် ကုန်ပစ္စည်းများ ပြတ်လပ်နေသောကြောင့် မျစ်နှင့် ဒေသထွက် စိုက်ပျိုးသီးနှံများကိုသာ လှည့်ပတ်ဝယ်ယူစားသုံးကြရသည် သိရသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပေါဆန်းမွေး ဆန်တအိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်အထိ ဈေးထိုးတက်သွားပြီး ဝယ်ယူရန်လည်းမရှိသည့်အတွက် နီးစပ်ရာဆွေမျိုးအသိုင်းဝန်းထံမှ လှည့်ပတ်ချေးငှါး စားသောက်နေရသည်ဟု ပလက်ဝမြို့ဒေသခံကပြောသည်။

ဒါ့အပြင် ပလက်ဝမြို့ပေါ်တွင် ရဲ၊ စစ်ကောင်စီတပ်ဖွဲ့၊ မီးသတ်အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ တအိမ်တက်ဆင်းကာ အိမ်ထောင်စုစာရင်းများလည်း လိုက်လံစစ်ဆေးနေသည်ဟုလည်း သိရသည်။

ယမန်နေ့ကလည်း ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားကာ ပလက်ဝမြို့အခြေစိုက်၂၈၉ တပ်ရင်းဘက်မှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...