ချင်းစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးရောင်းဝယ်နေကြတယ်ဆိုတဲ့သတင်းကအထောက်အထားမရှိလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးကဆို

ချင်းစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးရောင်းဝယ်နေကြတယ်ဆိုတဲ့သတင်းကအထောက်အထားမရှိလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးကဆို

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များ ငွေရေးကြေးရေး အခက်အခဲရှိလို့ မူးယစ်ဆေးဝါးရောင်းဝယ်နေကြတယ်ဆိုတဲ့ သတင်းအပေါ် ပြည်နယ်အစိုးရအနေနဲ့ ဘာထောက်အထားမှ မတွေ့ရသေးပါဘူးလို့ မီဇိုရမ်ပြည်နယ် ပြည်ထဲ‌ရေးဝန်ကြီးက Chin World Media ကိုပြောပါတယ်။

"ဒီကာလမှာ မီဇိုရမ်ပြည်နယ်ထဲကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာတဲ့နှုန်း သိပ်ကို မြင့်မားလျက်ရှိပါတယ်။ သတင်းမီဒီယာတွေထဲမှာ ခဏခဏ မြင်တွေ့နေရပါတယ်။ စစ်ဘေးရှောင်တွေက ငွေရေးကြေးရေး အခက်အခဲရှိလို့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိနေကြတယ်လို့ တချို့လူတွေက ပြောနေကြတယ်။ ဒါတွေက ထင်ကြေးပေးပြောဆိုချက်တွေပါ။ ဒီအဖြစ်အပျက်တွေကို ပြည်နယ်အစိုးရ အနေနဲ့တော့ ယနေ့ထိတိုင် ဘာမှ အထောက်အထားမှ မတွေ့ရှိရသေးပါဘူး။ ဒီအကြောင်းတွေကို အလေးထားပြီး လေ့လာဖို့ လိုအပ်နေပါတယ်။" လို့ဆိုပါတယ်။

အခုလိုအခြေအနေမှာ နယ်စပ်လမ်းကြီးလည်း ပွင့်နေတယ်ဆိုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်ကောင်စီဖက်ကကြီးကြပ်ဖို့လိုနေကြောင်းလည်း ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ကအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ချင်းဒေသကာကွယ်ရေးလက်နက်ကိုင်အဖွဲ့များနဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချက်ဆိုပြီး စာထုတ်ထားပါတယ်။

သူတို့မေတ္တာရပ်ခံတဲ့စာမှာ မီဇိုရမ်ရဲတပ်ဖွဲ့၊ YMA အပါအဝင် ခေါင်းဆောင်ပိုင်းအချို့အနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးတင်သွင်းလာမှုများဟာ မြန်မာပြည်ဖက်ကဖြစ်တဲ့အတွက် ခေါင်းခဲနေရကြောင်း၊ မြန်မာပြည်ဖက်က တစ်ချို့၏ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများကြောင့် မီဇိုရမ်ဖက်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ ဒုက္ခရောက်စေနိုင်ကြောင်း၊ မြန်မာပြည်တွင်းမှာလည်း အခုချိန်ထိ တည်ငြိမ်မှုမရှိသေးတာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး တင်သွင်းမှုများကို တားဆီးပေးပါရန် ဆိုပြီးပါရှိပါတယ်။

အဲဒီစာထုတ်ပြန်ပြီးမကြာမီမှာပဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖလမ်းမြို့နယ်အခြေစိုက် CNDF ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ လက်ရှိအချိန် ပြည်သူများဒုက္ခရောက်ပြီး မီဇိုရမ်ဖက်ကို စစ်ဘေးတိမ်းရှောင်နေရချိန် ကိုယ်ကျိုးအတွက် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအပေါ် များစွာအံ့သြပြီး ကန့်ကွက်ကြောင်း၊ CNDF အနေနဲ့နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...