စစ်ကောင်စီ လက်အောက်ခံ UEC ကန့်သတ်ချက် ကလေးကလားဆန်သည့် လုပ်ရပ်ဟု နိုင်ငံရေးပါတီများ ဝေဖန်

စစ်ကောင်စီ လက်အောက်ခံ UEC ကန့်သတ်ချက် ကလေးကလားဆန်သည့် လုပ်ရပ်ဟု နိုင်ငံရေးပါတီများ ဝေဖန်

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံလိုပါက စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ တင်ပြရမည်ဟု ကန့်သတ်မှုသည် ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် မကိုက်ညီသကဲ့သို့ မလုပ်သင့်၊ မလုပ်ထိုက်သော ကလေးကလားဆန့်သည့် လုပ်ရပ်အဖြစ် နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုကို ဦးတည်ပြီး ဆောင်ရွက်နေသည့်အချိန်တွင် နိုင်ငံရေးပါတီများအပေါ် UEC ၏ ကန့်သတ်ချက်သည် မသင့်တော်သော လုပ်ရပ်အဖြစ် ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ရှုမြင်သည်။

“ခွင့်ပြုချက် တင်ပြီးတော့ ခွင့်ပြုချက်ရမှ လုပ်ရမယ်ဆိုတာက နိုင်ငံရေးပါတီအနေနဲ့ တော်တော်ကြီးကို စိတ်မကောင်းဖြစ်စရာပဲ၊ ပိုပြီးတော့ တင်းကျပ်လိုက်တယ်လို့ မြင်တယ်၊ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်လိုက်တယ်လို့ မြင်တယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များဖြင့် တွေ့ဆုံရန် ရှိပါက UEC ထံကို ဦးစွာတင်ပြပြီး UEC ၏ ခွင့်ပြုချက်ရမှ တွေ့ဆုံရန် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ UEC က နိုင်ငံရေးပါတီများထံ ဩဂုတ်လ ၁၁ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့လာခြင်း ဖြစ်သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲစာရင်းမှားယွင်းမှုများ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များသည် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက် CSO အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုများနှင့် ဆက်စပ်ပတ်သက်မှု ရှိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ UEC က အကြောင်းကြားစာတွင် စွပ်စွဲထားသည်။

ထို ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်သည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး ၎င်းတို့ဦးဆောင်ကာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အာဏာသိမ်း စစ်ကောင်စီက စိုင်းပြင်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မှန်မှန်ကန်ကန် လုပ်တဲ့ ရွေးကောက်ပွဲကိုတောင် တရားမျှတပါတယ်၊ လွတ်လပ်ပါတယ်လို့ ဘယ်အဖွဲ့အစည်းအတွေက အသိအမှတ်ပြု ထောက်ခံချက်ဟာ အရင်နှစ်တွေကလို ရနိုင်ဖို့ကတော့ တော်တော်ခက်ခဲသွားမယ်၊ အခက်အခဲတွေ ဖြစ်သွားမယ်လို့ ယူဆပါတယ်” ဟု ဦးထွန်းအောင်ကျော်က သုံးသပ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီ ၉၂ ခုအနက်၊ နိုင်ငံရေးပါတီ အယူဝါဒအရ ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်အလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၃၀ ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသော လွှတ်တော်အမတ်များကို ဖမ်းဆီးထားပြီး လာမည့်နှစ်တွင် ပြုလုပ်နိုင်ခြေရှိသော စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည် မဟုတ်သကဲ့သို့ ဖြစ်မြောက်နိုင်ခြေလည်း နည်းပါးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...