နိုင်ငံရေးအကျဉ်းသား ဦးရေ ၅၀၀ ခန့် ကို ထောင်အပြောင်းအရွှေ့ပြုလုပ်နေဟုဆို

နိုင်ငံရေးအကျဉ်းသား ဦးရေ ၅၀၀ ခန့် ကို ထောင်အပြောင်းအရွှေ့ပြုလုပ်နေဟုဆို
ဓာတ်ပုံ - ပုံဟောင်းအသုံးပြုထားသည်
ဓာတ်ပုံ - ပုံဟောင်းအသုံးပြုထားသည်

အကျဉ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို လတ်တလောတွင် ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

ထောင်ပြောင်းမှုများကို ပြီးခဲ့သည့်ဇူလိုင်လမှစ၍ ပြုလုပ်နေပြီး နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်မှုများပေးနေသော အဖွဲ့များမှ ရရှိသော အချက်အလက်များအရ ဦးရေ ၅၀၀ခန့် ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘားအံထောင်မှ ဦးရေ ၂၀၀ ခန့်၊အင်းစိန်ထောင်မှ ဦးရေ ၃၀၀ခန့်ကို ပြောင်းရွှေ့ခဲ့သည့်အပြင် မုံရွာနှင့် ရွှေဘိုထောင်တို့တွင်လည်း နိုင်ငံရေးအကျဉ်းသားများ ပြောင်းရွှေ့မှုများ ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ခြင်းလုပ်ငန်းများ လုပ်ဆောင်နေရခြင်းမှာ မိသားစုများနှင့် နိုင်ငံရေးအကျဉ်းသားများကို ပိုမိုဒုက္ခရောက်စေချင်၍ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုသည်။

“သူတို့က ကာယကံရှင်နိုင်ကျဉ်းတွေရော နိုင်ကျဉ်းတွေရဲ့ မိသားစုတွေကိုပါ ထပ်ပြီးတော့ ကလဲ့စားချေတာ လက်စားချေတာ။ မိသားစုတွေနဲ့ ဝေးကွာအောင်ထောင်ဝင်စာပို့ဖို့ ခက်ခဲအောင်လုပ်တာ” ဟု ဦးထွန်းကြည်က ဆိုသည်။

ရန်ကုန်အင်းစိန်ထောင်တွင် ရှိသူများကို ပဲခူးတိုင်း သာယာဝတီထောင်သို့ ပို့ဆောင်ခြင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင်ရှိသော အကျဉ်းသားများကို ပဲခူးတိုင်း သာယာဝတီနှင့် ဒိုက်ဦးထောင်များသို့ ပို့ဆောင်ခြင်း၊မန္တလေးအိုးဘိုထောင်မှ မြင်းခြံထောင်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ထံက သိရသည်။

ထို့အပြင် လတ်တလောတွင် ထောင်ပြောင်းရွှေ့မှုများကို ဆက်တိုက်တွေ့မြင်လာရကြောင်း ကျောင်းသားသမဂ္ဂများမှလည်း သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ထဲက ဖမ်းခံရတဲ့တစ်ယောက်ဆိုရင် အခုဆို ထောင်ပြောင်းရတာ နှစ်ခေါက်တောင်ရှိနေပြီ အခုတလော ထောင်ပြောင်းတာတွေလည်းဆက်တိုက်ကြားနေရပါတယ်” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အကျဉ်းထောင်ထဲ၌ ထောင်ပြောင်းမှုများလုပ်ရာတွင် မိသားစုများနှင့် ပိုမိုအလှမ်းဝေးကွာသွားတတ်ပြီး ထောင်ဝင်စာပို့ရန် ခရီးစရိတ်များနှင့် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်ဟု နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစုဝင်များက ဆိုသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ စုစုပေါင်း ၁၅,၀၀၀ကျော် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပြီး ၎င်းတို့ကို ပစ်မှတ်ထားကာ အကျဉ်းထောင်တွင်းနှိပ်စက်မှုများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများကို အဆိုးရွားဆုံးရင်ဆိုင်နေရကြောင်းနိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...