ထားဝယ်၌ စက်သုံးဆီများ စျေးနှုန်းမြင့်တက်နေ၍ အရေးပေါ် ပရဟိတအဖွဲ့ ယာဉ်များ ယာယီရပ်နား

ထားဝယ်၌ စက်သုံးဆီများ စျေးနှုန်းမြင့်တက်နေ၍ အရေးပေါ် ပရဟိတအဖွဲ့ ယာဉ်များ ယာယီရပ်နား

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စက်သုံးဆီများ စျေးနှုန်း မြင့်တက်မှုကြောင့် အရေးပေါ် လူနာတင်ယာဉ် ပရဟိတ အဖွဲ့များ အခက်အခဲ ဖြစ်နေရာမှ ယာယီ ရပ်နားမှုများ ရှိလာကြောင်း ပရဟိတ အဖွဲ့ဝင်များထံမှ သိရသည်။

ထားဝယ်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ ရက်အကန့်သတ် မရှိ အရေးပေါ် လူမှုကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတ အဖွဲ့ အသင်း တစ်သင်း သည် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း မိဘပြည်သူများ၏ အလှူရန်ပုံငွေများ အမြန်ဆုံး လိုအပ်နေကြောင်း ၎င်းအဖွဲ့က တာဝန်ရှိသူထံမှ သိရသည်။

အရေးပေါ် လူမှု ကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက "အဓိက ရပ်နားလိုက်ခြင်းက စက်သုံးဆီ အဆမတန် စျေးမြင့်လာလို့ ဖြစ်တယ်၊ ကျနော်တို့မှာ ရှိသလောက် ငွေအားနဲ့ ရုန်းကန် နေရသော်လည်း အဖွဲ့ရန်ပုံငွေ အလုံလောက်မရှိတာကြောင့် ယာယီရပ်နားတာပါ၊ အရင်လို ၂၄ နာရီ ပြန်လည်ပတ်နိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားဆောက်ရွက်နေတယ်"ဟု ပြောသည်။

အခုလို ထားဝယ် တစ်မြို့လုံး အနေအထားအရ အားကိုးနေရသည့် အသင်းတစ်သင်းအနေဖြင့် ယာယီရပ်နားလိုက်ခြင်းသည် အများပြည်သူ့ ဝန်ဆောင်မှုအပိုင်းတွင် အခက်အခဲအများကြီး ဖြစ်ပွားနိုင်ကြောင်း ထားဝယ်မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

သို့သော် အရေးပေါ် လူမှုကယ်ဆယ်ရေး ဇမ္ဗူသီရိ ပရဟိတအဖွဲ့အနေဖြင့် ယာယီ ရပ်နားထားသော်လည်း သဘာဝ ဘေးအန္တာရာယ်များ ကျရောက် လာခဲ့ပါက အဖွဲ့သားများမှ နိုင်သည့်ဖက်က အားဖြည့်ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် စက်သုံးဆီ စျေးနှုန်းများ မြင့်တက်မှုကြောင့် စက်သုံးဆီ တစ်လီတာကို ကျပ် ၂,၆၀၀ ကနေ ၃,၀၀၀ အထိ ပေးဝယ်ယူနေရကြောင်း သက်ဆိုင်ရာ မြို့နယ် အလိုက် ဒေသခံများထံမှ သိရသည်။

ရေးသူ − ကိုရွှေမြိတ်

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...