အေးသာယာမြို့ လူငယ်(၅) ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးသွား

အေးသာယာမြို့ လူငယ်(၅) ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အေးသာယာမြို့တွင် စစ်ကောင်စီ မှ လူငယ် (၅) ဦးကို (PDF) ထောက်ပံ့သည်ဟု စွပ်စွဲကာ သြဂုတ် ၆ ရက် ၊ ည (၁၂) ဝန်းကျင်တွင် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၆ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ အင်အား (၃၀) ဖြင့် ရောက်လာပြီး လူငယ် (၅) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခံရသူတစ်ဦး၏ နီးစပ်သူအမျိုးသားတစ်ဦးမှ သျှမ်းသံတော်ကို ပြောသည်။

“သူတို့က ညသန်းခေါင်ကို လာဖမ်းသွားတယ်။ စစ်အင်အား (၃၀) နဲ့ လာတာ တော်ရုံတန်ရုံနဲ့ ဘယ်သူမှ ထွက်မကြည့်ဘူး။ အဲ့တစ်ညထဲကို ပတ်လည်ရိုက်ပြီး မြို့သစ်ကလူငယ် (၅) ယောက်ကို ဖမ်းသွားတယ် “ ဟု ၎င်းနီးစပ်သူက ပြောသည်။

အဆိုပါ ဖမ်းဆီးသွားသော လူငယ် (၅) ဦးတွင် အမျိုးသမီး (၂) ဦး နှင့် အမျိုးသား (၃) ဦးပါဝင်ကြောင်းသိရသည်။

ယင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ် (၅) ဦးကို တောင်ကြီးမြို့၊ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း အေးသာယာမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုဖမ်းသွားတဲ့ ထဲမှာ မယွန်းဝေထိုက် ဆိုတဲ့တစ်ယောက်ပါသွားတယ်။ ကျန်တဲ့သူတွေတော့ နာမည်မသိရဘူး။ သူတို့ (၅) ဦးစလုံးကို တောင်ကြီး အမှတ် (၁) ရဲစခန်းမှာဖမ်းဆီးထားတယ်။ အခုထိပြန်မလွှတ်သေးဘူး “ ဟု ၎င်းကဆိုသည်။

အေးသာယာ ၊ နယ်မြေ (၇) တွင် နေထိုင်သူ မယွန်းဝေထိုက်သည် စစ်အာဏာသိမ်း အစတွင် ဆန္ဒပြ ၊ သပိတ်စစ်ကြောင်းများ ပါဝင်ဖူးသူဖြစ်သည့်အပြင် အေးသာယာမြို့ အေးသီရိဈေးထဲ အဝတ်ဆိုင်ဖွင့်လှစ်ထား သည်ဟု အေးသာယာမြို့ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ ဖမ်းခံရတဲ့ အမျိုးသမီးက အေးသီရိဈေးထဲမှာအဝတ်ဆိုင်ဖွင့်ထားတယ်။ သူက သပိတ်လုပ်တုန်းကလည်း တက်တက်ကြွကြွပါဝင်တဲ့ သူလည်းဟုတ်တယ်။ တော်လှန်ရေးပိုစ့်တွေလည်း တော်တော်များရှဲတယ်။ ဒါမယ့် သူက (PDF) နဲ့ မပတ်သက်ဘူး။ အခုက ဖမ်းခံရတာ ဒလန်ကြောင့်ဖမ်းခံရတာများတယ် “ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

အလားတူ သြဂုတ် (၆) ရက်နေ့တွင်လည်း တောင်ကြီး စဝ်စံထွန်းဆေးရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ပန်ဆယ်လို ပိုစ့်အောက်တွင် “ပျော်တယ်ဝေ့”ဟု (comment) ပေးသောကြောင့် ဖမ်းဆီးခံရပြီး သြဂုတ် (၇) ရက်တွင် ဝန်ခံလက်မှတ် ကတိထိုးပြီး ပြန်လွတ်လာခဲ့ပြီး ထိုရက် ညပိုင်းတွင် ပြန်ဖမ်းသွားကြောင်း သိရသည်။

photo : မယွန်းဝေထိုက်

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...