ဒေါ်လာရည်ညွှန်းဈေး ၂,၁၀၀ သို့ပြောင်းလဲပြီးနောက် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာ

ဒေါ်လာရည်ညွှန်းဈေး ၂,၁၀၀ သို့ပြောင်းလဲပြီးနောက် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်မှ ၂,၁၀၀ သို့ပြောင်းလဲပြီးနောက် ပြည်တွင်းတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်သတ်မှတ်ထားချိန်တွင် စက်သုံးဆီဈေးနှုန်းမှာ ၁,၆၀၀ ကျပ်ဝန်းကျင်မှ ၁,၈၀၀ ကျပ်အောက်တွင်သာရှိခဲ့ပြီး ယခုအခါ တစ်လီတာလျှင် ပျမ်းမျှ ၂၅၀ ကျပ်ဝန်းကျင် ဈေးတက်နေခြင်း ဖြစ်သည်။

ဩဂုတ်လ ၅ရက် မှစတင်ကာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်မှ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲခဲ့ပြီးနောက် စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

" စက်သုံးဆီဈေးပြန်ကျတာ လပိုင်းပဲရှိသေးတယ်၊ ဒါပေမယ့် ဒေါ်လာဈေးနှုန်း ၂,၁၀၀ ပြောင်းလဲပြီး ရက်ပိုင်းအတွင်းပဲရှိသေးတယ်၊ အခု ဈေးပြန်တက်လာပြီ၊ ဒီပုံစံအတိုင်းဆိုရင် ဆီဈေးက တစ်လီတာ ၁,၈၀၀ အောက်ကျဖို့ဆိုတာ မျှော်မှန်းလို့မရသေးဘူး" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၀ရက် စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၈၆၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁,၉၂၀ ကျပ် နှင့် ဒီဇယ်တစ်လီတာလျှင် ၂,၀၂၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂,၁၈၅ ကျပ် အထိ ဈေးတက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၇ရက် စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၆၈၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၁,၇၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂,၀၉၀ကျပ်ရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအပေါ်တွင် အခြေခံသည့် စျေးနှုန်းများဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင်စရိတ်ကြောင့် ဈေးနှုန်းပိုမိုမြင့်မားနေပြီး အချို့မြို့များတွင် ဆီပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

" အများစုက ရန်ကုန်ကဈေးနှုန်းကိုပဲကြည့်တယ်၊ တောင်ပေါ်ဒေသမြို့တွေ၊ တခြားနယ်မြို့တွေမှာ သယ်ယူစရိတ်ကြောင့် ဈေးပိုများတယ်၊ တချို့ဆိုင်တွေဆိုရင် ဆီပြတ်လို့ အရောင်းပိတ်ထားတာတွေလည်းရှိတယ်" ဟု တောင်ကြီးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အကြမ်းဖက် စစ်ကောင်စီက စက်သုံးဆီကို ထိန်းချုပ်ထားပြီး၊ စက်သုံးဆီအရောင်းဆိုင်များကိုလည်း ကန့်သတ်ချက်ဖြင့်သာ ထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်များထံမှ သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...