သာယာကုန်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါဝင် လူနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့

သာယာကုန်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါဝင် လူနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမပေါ်ရှိ သာယာကုန်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ယခုသြဂုတ်လဆန်းပိုင်းကစ၍ ကလေးနည်းပညာတက္ကသိုလ်အနီးတွင်တည်ရှိသော သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ယင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်အတွင်း လူနေအိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သာယာကုန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

“၃ ရက်အတွင်းမှာ အိမ်က ၅၂ အိမ်လောင်တယ်၊ ဘုရားကျောင်းတစ်ကျောင်းလည်းပါသွားတယ်၊ ကျောက်ပေါ်တည်အသင်းတော်ကို မီးရှို့တာ၊ တခြားဘုရားကျောင်းကတော့ အဆင်ပြေသေးတယ်၊  အင်္ဂါနေ့မနက်ကနေ မီးရှို့တာ သူတို့က တောက်လျှောက်မီးမရှို့ပဲနဲ့ အင်္ဂါနေ့ကတော့ ဘယ်လောက်မီးရှို့သလဲမသိပေမယ့် ဗုဒ္ဓဟူးနေ့က ၂၀ ကျော်တယ်၊ ကြာသပေးနေ့ဆိုရင် ၅၀ ကျော်ဖြစ်သွားတယ်၊ တရက်တရက်ကို ဘယ်နှစ်အိမ်မီးရှို့သလဲဆိုတာတော့ ကျနော်တို့မသိဘူး သွားလည်းမသွားရဲတော့ဘူးလေ၊ ၃ ရက်အတွင်းမှာ ၅၂ အိမ်ပါသွားတာပေါ့ဗျာ မီးရှို့တဲ့ထဲမှာ" ဟု သာယာကုန်းကျေးရွာ ဒေသခံက ပြောသည်။

အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော သာယာကုန်းကျေးရွာတွင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။

သြဂုတ်လဆန်းပိုင်းကစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာသားများအားလုံးသည် ကလေးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသင်းတော်၊ အရပ်ဖက်အဖွဲ့အစည်းများက ကူညီစောင့်လျှောက်ပေးလျှက်ရှိသည်ဟု သိရသည်။

“အခု ကျွန်တော်တို့ ဘုရားကျောင်းတစ်ခုမှာ နေကြတယ်၊ ကျွန်တော်တို့ ထွက်ပြေးရတာလည်း ညဆယ်နာရီလောက်ဆိုတော့ အဝတ်အစား ၁ ထည်၊ ၂ ထည်လောက်ပဲ ပါသွားတယ်ဆိုတော့ အဝတ်အစားတွေက အဆင်မပြေဘူး၊ ဒါပေမယ့် ဟိုရောက်တော့ အသင်းသူအသင်းသားတွေကပေးတော့ စောင်တို့၊ တခြားအရာတွေလည်း ခုတော့ အဆင်ပြေတယ်” ဟု သာယာကုန်းကျေးရွာ ဒေသခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲသို့ ဝင်ရောက်လာချိန်တွင် မထွက်ပြေးနိုင်ဘဲ ရွာမှာကျန်ခဲ့သည့် (အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင်) ဒေသခံပြည်သူ အယောက် ၃၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် သာယာကုန်းကျေးရွာအပြင် ထောက်ကြံ့၊ ကြာအင်း၊ သံသာရွာနှင့် တွန်းချောင်းရွာတို့သည်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week

April 26, 2024
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားခွင့်ပိတ်ပင်မှုကို အိန္ဒိယဗဟိုအစိုးရက...
April 23, 2024
NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု...
April 23, 2024
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံး...