၎င်းစာပေဟောပြောပွဲကို တောင်ကုတ်မြို့ အထက(၂) ဆေးရုံကွက်သစ်ကျောင်း၊ မြို့မကျောင်းခန်းမတွင် တောင်ကုတ်မြို့ခံ စာရေးဆရာ အများစုပါ၀င်သော ပွဲဖြစ်မြောက်ရေးကော်မတီမှ စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အထိမ်းအမှတ် စာပေဟောပြောပွဲကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး ရိုးမရင်လှိုင်း ရခိုင်စာပီရိပ်မြံု ကလေးငယ်များမှ မဟာမုနိဘဂဝါ ရခိုင်ဆီမီးခွက်အကဖြင့် ကပြကာ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့သည်။
၎င်းနောက် အစီအစဉ်အရ စာရေးဆရာ နန္ဒာထွန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စာရေးဆရာ စန္ဒကူးထင်ပေါ်မှ ဆရာကြီး ဦးဦးသာထွန်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာ ဓညကျော်ဝင်း( စည်ပင်အလုပ်အမှုဆောင်အရာရှိ၊ တောင်ကုတ်) နှင့် ဆရာဦးဇော်ဝင်းနိုင်( ကထိက- မြန်မာစာဌာန၊ တောင်ကုတ်ဒီဂရီကာလိပ်)တို့မှ ဆရာကြီး အကြောင်း အမှတ်ရဖွယ်၊ ဗဟုသုတရဖွယ်များကို ဟောပြောခဲ့ကြသည်။
ဂုဏ်ပြု ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်တွင် ဆရာမောင်နှစ်သိမ့်(တောင်ကုတ်)၊ ဆရာ အောင်ခိုင်ထူး (တန်းလွဲ) ၊ ဆရာမောင်ဒီပ(စကု)၊ ဆရာရက္ခနှင့် ဗီဇတို့မှ ကိုယ်တိုင်ရေး ကဗျာ များဖြင့် ရွတ်ဖတ်ဂုဏ်ပြုခဲ့ကြပြီး ဆရာအောင်သာဆန်း(သံတွဲ)နှင့် ဆရာမာဘယ် ဥက္ကာကျော်ဇေယျ တို့၏ ကဗျာများကို ဆရာမ ချယ်ရီသက်၊ ဆရာ ရက္ခသိန်းထွန်း၏ကဗျာကို ဆရာမ မလေးခင်မှ ကိုယ်စားရွတ်ဖတ်ခဲ့ကြသည်။
ဆရာကြီး၏ အောက်မေ့ဖွယ် အခမ််းအနားစာပေဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ပြု လုပ်ခဲ့ကြသူများထဲမှ စာရေးဆရာရက္ခမှ သူ၏ခံယူချက်ကို ခုလိုပဲ ပြောပြသည်။
“ အစကတော့ စာသင်ကျောင်းတွေမှာ ဆရာကြီးနဲ့ပတ်သက်တဲ့ စာစီစာကုံး၊ ကဗျာနဲ့ ပန်းချီပြိုင်ပွဲ လုပ်ဖြစ်ဖို့ တိုင်ပင်ခဲ့ကြတာပါ။ ဒါပေမယ့် ကျောင်းနေအရွယ် ကလေးတွေက ဆရာကြီး အကြောင်းကို သိရှိသူ သိပ်ရှိမှာမဟုတ် တဲ့အတွက် အခက်ခဲဖြစ်နိုင်တာကိုတွေးပြီး ဟောပြောပွဲ လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဆရာကြီးဦးဦးသာထွန်းလိုပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ရခိုင်လူမျိုးတိုင်း သိထားသင့်တယ်ထင်လို့ ရည်ရွယ်ပြီး ဒီပွဲလေးကို စီစဉ်ဖြစ်သွားကြတာပါ။ ပြီးတော့ ရခိုင်ရိုးရာကို ဖော်ထုတ်ပြသတဲ့အနေနဲ့ ကျွန်တော့်ရဲ့ ရိုးမရင်လှိုင်း ရခိုင်စာပီရိပ်မြံုက ရခိုင်အကနဲ့ အခန်းအနားရဲ့ အဖွင့်၊ အပိတ်ကို တင်ဆက်ဂုဏ်ပြုပေးခဲ့တာပါ” ဟု ပြောဆိုသည်။
ရခိုင်-မြန်မာဆရာကြီး ဦးဦးသာထွန်းအထိမ်းအမှတ် စာပေဟောပြောပွဲကို ဖိတ်ကြားထားသူူများ၊ စာရေးဆရာနှင့် ကဗျာဆရာများ၊ ဌာနပိုင်းဆိုင်ရာများနှင့် ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မွန်းလွဲ ၂ နာရီ ခွဲတွင် ရိုးမရင်လှိုင်း ရခိုင်စာပီရိပ်မြံုကလေးငယ်များမှ မဟာနွယ်အကဖြင့် ကပြကာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။







