စစ်ကောင်စီတပ်ဖွဲ့က သာယာကုန်းကျေးရွာသား ၃ ဦးကိုသတ်ဖြတ်ပြီး ရွာသား ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားဟုဆို

စစ်ကောင်စီတပ်ဖွဲ့က သာယာကုန်းကျေးရွာသား ၃ ဦးကိုသတ်ဖြတ်ပြီး ရွာသား ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားဟုဆို

တိုက်ပွဲပြင်းထန်နေသော ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဒေသခံရွာသား ၃ ဦးသတ်ဖြတ်ပြီး အယောက် ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ဖွဲ့က ထုတ်ပြန်သည်။

ကလေးနည်းပညာတက္ကသိုလ်ကျောင်းအနီး သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လ ၂ ရက်နေ့ မှ သြဂုတ်လ ၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က  သာယာကုန်းကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားအယောက် ၃၀ ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာသားအယောက် ၃၀ ဖမ်းထားတယ် အဲဒီက ၃ ယောက်ကိုသတ်လိုက်တယ် အခု ရွာသား ၂၇ ယောက်ကို ဆက်ပြီးဖမ်းထားတုန်းပဲ" ဟု ၎င်းကပြောသည်။

အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော သာယာကုန်းကျေးရွာတွင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာသားအားလုံးနီးပါးသည် နီးစပ်ရွာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုအဖမ်းခံရသူများသည် စစ်ကောင်စီတပ်ဖွဲ့များရွာထဲသို့ ဝင်လာစဉ် ပိတ်မိနေသည့် ရွာသားများဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင်လည်း ကလေးမြို့တွင်း တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ရာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သားများပါလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၆ ဦး အခင်းဖြစ်ရာနေတွင် သေဆုံးကာ ကျန် ၄ ဦးမှာလည်း စစ်ဆေးရုံသို့ပို့ဆောင်စဉ် ထပ်မံသေဆုံးခဲ့သည်ဟု PDF (Kalay) ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသော စစ်ကောင်စီတပ်ဖွဲ့သည် သေနတ်များရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးနားရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးတောင်ပိုင်းဒေသ ကမ်းပါးနီတံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် မြောင်းချောင်းတံတာဘက်သို့ ဦးတည်ထွက်ခွါလာစဉ် PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ထို့နောက် ရဟတ်ယာဉ်တစ်စီးရောက်ရှိလာပြီး မိုင်းထိသေဆုံးသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများအား သယ်ယူသွားကြသည်ဟု PDF (Kalay) က ဆိုသည်။

အလားတူ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာသို့ သြဂုတ်လ ၄ ရက်နေ့က ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည့် ယနေ့နံနက်ပိုင်းက ကျေးရွာအတွင်း လူနေအိမ်များအား မီးရှို့ခဲ့ကြပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်ထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...