(၇၀)နှစ်ပြည့်မြောက် အိန္ဒိယလွတ်လပ်ရေးအခမ်းအနား စစ်တွေကောင်စစ်ဝန်ရုံးတွင် ကျင်းပ

(၇၀)နှစ်ပြည့်မြောက် အိန္ဒိယလွတ်လပ်ရေးအခမ်းအနား စစ်တွေကောင်စစ်ဝန်ရုံးတွင် ကျင်းပ
by -
နိရဥ္စရာ
(၇၀) ပြည့်နှစ်မြောက် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၌ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နံနက် ၉ နာရီတိတိ၌ အလံတင်အခမ်းအနားကို အိန္ဒိယနိုင်ငံတော်သီချင်းကို သီဆို၍ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်အရာရှိ ဒေါက်တာ ကူးမာပရာဗင်နှင့် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်တို့က အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့အခါသမယ အတွက် အိန္ဒိယသမ္မတ ပေးပို့ထားသည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

“ အိန္ဒိယနိုင်ငံလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ အသက်ပေါင်း ထောင်ချီလို့ ပေးဆပ်ခဲ့ကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာ လွတ်လပ်ရေးရရှိပြီး ကိုယ်ပိုင်အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှ အစိုးရကနေ အိန္ဒိယကို အာဏာလွှဲပြောင်းတဲ့ နေ့လို့လည်းဖြစ်တဲ့ အတွက် လွတ်လပ်ရေးနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်”ဟု အိန္ဒိယ ကောင်စစ်ဝန်က ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံလွတ်လပ်ရေးအောင်ပွဲရရှိရန်အတွက် မဟတ္တမဂန္ဒီသည် အိန္ဒိယပြည်သူများကို မျိုးချစ်စိတ်ဓါတ်များကို တည်ဆောက်ပေးခဲ့ပြီး၊ Netaji Subhas Chandra Bose က “ပြည်သူတွေ သွေးတွေပေးကြပါ၊ လွတ်မှုကို ကျနော်လုပ်ပေးပါမယ်”ဟု မိန့်ခွန်းပြောကြားခဲ့ရာ အိန္ဒိယပြည်သူ သန်းချီ၍ လွတ်လပ်ရေးတိုက်ပွဲတွင် ပါ၀င်ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

“အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြိုဆို ဂုဏ်ပြုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ သြဇာအာဏာရှိတဲ့ တိုက်ကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကွဲပြားတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနဲ့ မတူညီတဲ့ လူမျိုးစုတွေ သဟဇာတကျကျနေထိုင်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သင့်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ပြောသည်။

စစ်တွေမြို့ရှိ ဟိန္ဒူအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးမောင်လှကလည်း စစ်တွေတွင် တည်ဆောက်ထားသည့် အိန္ဒိယဆိပ်ကမ်းအတွက် အသုံးပြုရန် သင်္ဘောများကို အိန္ဒိယနိုင်ငံက လာပို့ထားပြီဖြစ်ကြောင်း၊ အိန္ဒိယကုမ္ပဏီများလည်း အဆိုပါဆိပ်ကမ်းတွင် ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်လာပြီး၊ ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည့်အပြင်အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ အခမ်းအနားသို့ စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့ အတွင်းရေးမှူး ဦးရွှေကျော် အပါအဝင် စစ်တွေမြို့တွင်နေထိုင်သည့် အိန္ဒိယနွယ်ဖွား ဟိန္ဒူများနှင့် စစ်တွေအခြေစိုက် မီဒီယာတစ်ချို့လည်း တက်ရောက်ခဲ့ကြသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...