CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဇူလိုင်လ ၂၇ ရက်နေ့က ချင်း-မကွေးနယ်စပ် ရမ်းစီးကျေးရွာတွင် သတ်ဖြတ်မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် ဇူလိုင် ၁၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိနေသေးသော ရွာသားများအား ခေါ်ထုတ်ရန်အသွားမှာ စစ်ကောင်စီတပ်နှင့် တိုးမိကာ ၎င်းတို့ ၃ ဦး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၂ ရက်နေ့မှာ စစ်တပ်ကဝင်လာတော့ ရွာသားတော်တော်များများ ပုန်းထားပြီးပြီ၊ မထွက်ပြေးသေးတဲ့လူတွေ ဘယ်လိုရှိသလဲဆိုတာ တချက်သွားကြည့်တာ စစ်တပ်က တောထဲမှာချူံခိုထားတယ် အဲဒီမှာ သူတို့ ၃ ယောက် အဖမ်းခံသွားတာဖြစ်တယ်" ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ် Paaw That Ceu၊ ရဲဘော် Paaw Thang Cin Mang နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Paaw Aung Min Thang တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ၃ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် ချက်ချင်းမသတ်ဘဲ ညှင်းပန်းနှိပ်စက်ပြီး နောက်ဇူလိုင် ၂၇ ရက်နေ့ကျမှ ရမ်းစီးကျေးရွာအစွန်ဘက်တွင် သတ်ဖြတ်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

မီးရှို ခံထားရသည့်နေရာတွင် CDF-Zotung စစ်ဦးစီးချုပ်၏ ဦးထုပ်နှင့် ဓားမြောင်အပြင် အစိတ်စိတ်အမွှာ အမွှာကွဲထားသည့် ဦးခေါင်းလည်းတွေ့ရှိကြပြီး ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်ခဲ့ကြသည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုမူဆက်ဆံခြင်းမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်သည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ယခုကဲ့သို့ တော်လှန်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရသော်လည်း CDF-Zotung အနေဖြင့် ယခုထက်ပိုပြီး ဆက်လက်တော်လှန်သွားမည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

“ဗမာစစ်တပ်က ဘာဥပဒေမှလိုက်မတော့လေ ဒီလိုဟာမျိုးကဖမ်းသွားလို့ရှိရင် စစ်သုံ့ပန်းအနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဆက်ဆံရမှာဖြစ်တယ် အဲလိုမဟုတ်ပဲနဲ့ လူ့စိတ်ပျောက်ပြီး ဒီလိုဟာမျိုးလုပ်တာ ကျနော်တို့ အရမ်းစိတ်ထိခိုက်ရတာပေါ့ ကျနော်တို့ အားကိုးအားထားရတဲ့ခေါင်းဆောင်တစ်ယောက် ကျဆုံးတာတော့ ဝမ်းနည်းတာပေါ့ အဲဒါကြောင့် တော်လှန်ရေး အင်အားလျှော့လာမှာမဟုတ်ဘူး ကျနော်တို့ စိတ်ဓာတ်ပိုပြင်းထန်လာဖို့ပဲရှိတယ်" ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါဒေသသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသည့်အချိန်တွင် ရမ်းစီးကျေးရွာသား အယောက် ၃၀ ခန့်ကိုလည်းဖမ်းဆီးခဲ့ပြီး သြဂုတ်လဆန်းပိုင်းက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်ဘက်သို့ ပြန်လှည့်သွားပြီဖြစ်သော်လည်း ရမ်းစီး၊ အန့်တား ကျေးရွာအပါဝင် ကျေးရွာပေါင်း ၅ ရွာခန့်က ဒေသခံပြည်သူတစ်ထောင်ကျော်တို့သည် ရွာထဲသို့ မဝင်ရဲကြသေးဘဲ တောထဲသို့ ပုန်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...