စစ်ဘေးရှောင်ပြည်သူများအတွက် အွန်လိုင်းမှတဆင့် အခြေခံမီဇိုးဘာသာစကား စတင်သင်ကြား

စစ်ဘေးရှောင်ပြည်သူများအတွက် အွန်လိုင်းမှတဆင့် အခြေခံမီဇိုးဘာသာစကား စတင်သင်ကြား

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဒေသခံဘာသာစကားများ သိရှိနားလည်နိုင်ရန်အတွက် Youth for Myanmar အဖွဲ့က အခြေခံမီဇိုးဘာသာစကား သင်ကြားမှုအစီစဉ်ကို အွန်လိုင်းကတဆင့် သြဂုတ်လ ၁ ရက်ကစတင်လိုက်ပြီဟု သိရသည်။

အခြေခံ မီဇိုးဘာသာစကားသင်ကြားမှုကို သြဂုတ်လ ၁ ရက်နေ့ကစ၍ အပတ်စဉ် တနင်္လလာနေ့တိုင်း (အိန္ဒိယစံတော်ချိန် နံနက် ၈ နာရီနှင့် ညပိုင်း (၈) နာရီအချိန်များတွင်) Youth For Myanmar (Facebook Page) အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်သင်ကြားပေးနေခြင်းဖြစ်သည်။

“မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ပြီး လာရောက်နေထိုင်တဲ့အခါမှာ ဘာသာစကားနားမလည်မှုကြောင့် အခက်အခဲ အများကြီးကြုံရတယ်၊ ဥပမာ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ၊ ဈေးဝယ်သွားတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ လိုအပ်တာလေးတွေ ဝယ်ဖို့သွားတဲ့အခါမျိုးမှာလည်း ဘာသာစကားမတတ်တော့ အဆင်မပြေဘူးပေါ့နော် ဒါကြောင့် တဖက်တလမ်းကနေ အထောက်အကူဖြစ်စေဖို့ ခုလို ဘာသာစကားသင်ကြားတဲ့အစီစဉ်ကို လုပ်ဆောင်ရတာပါ" ဟု Youth for Myanmar က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ရှိပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီစဉ်ပေးသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျှက်ရှိကြကာ တချိူ့မှာလည်း ရပ်ကွက်အတွင်း အိမ်ငှါးနေထိုင်ကြသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ငွေကြေးအသုံးပြုရာတွင် သိသင့်သိအပ်သော ကိန်းဂဏာန်းအသုံးအနှုန်းများ၊ ဈေးဝယ်ယူရာတွင် သုံးနှုန်းသော ဒေသစကားအခေါ်အဝေါ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး ဒေသခံပြည်သူနှင့် အပြန်အလှန်စကားပြောဆိုရာ နားလည်တတ်ကျွမ်းသည့်အထိ တဆင့်ပြီးတဆင့် သင်ခန်းစာများကို မြှင့်တင်ပို့ချ သင်ကြားပေးသွားမည်ဟုလည်း သိရသည်။

Youth For Myanmar အဖွဲ့သည် မြန်မာ့နွေးဦးတော်လှန်ရေးနောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာကြသည့် မြန်မာလူငယ်များမှ စုဖွဲ့ထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေး ရံပုံငွေဈေးရောင်းပွဲတော်များပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် တီရှပ်ရောင်းကာ ရံပုံငွေရှာဖွေခြင်းတို့ကို ပြုလုပ်၍ ရရှိလာသော ရံပုံငွေများကို မီဇိုးပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။

April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...