စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမြှင့်တက်

စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမြှင့်တက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြှင့်တက်နေကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁ ) ရက် ညနေ ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် ဘတ်နွတ်တောင်တွင်စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး နှင့် ကျည်ဆံများက တောင်ခြေရှိ ရွာအနီးတစ်ဝိုက်မှာကျရောက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည တောင်ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျည်က ရွာအနီးမှာကျတယ်လေ၊ ကျည်ဆံက သစ်ပင်တွေ မှန်ထားတာတွေ့ရတယ်၊ ရွာသားတွေတော့ တစ်ညလုံး အိပ်မရဘူး၊ ညလည်းဖြစ်နေတော့ မတော်လို့ လက်နက်ကြီးက ရွာထဲကျပြီး လူထိရင် ရွာသားတွေပဲ နစ်နာရတာ၊ အန္တရာယ်အရမ်းများတယ်” ဟု ဘတ်နွတ်တောင် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်းဒေသခံ များက ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် လူသူ နှင့် ဝေးသည့် တောတောင်ထဲတွင်သာ တိုက်ပွဲဆင်နွှဲကြရန် နှင့် ကျေးရွာနား စစ်ကြောင်းချီတက်မှု မပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်းလည်းအထက်ပါ အမျိုးသမီးကပြောသည်။

“တိုက်ပွဲတွေကို ရွာနဲ့ ဝေးဝေးမှာ သွားဖြစ်ကြဖို့ တောင်းဆိုပါတယ်၊ တိုက်ပွဲကြားမြေစာပင်ဖြစ်ရတဲ့ ကျမတို့ ပြည်သူတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ လာမကြည့်ဘူး၊ ကျမတို့ ပြည်သူကပဲ နစ်နာတဲ့အတွက် တိုက်ပွဲတွေကို လူသူ နဲ့ မနီးတဲ့ အရပ်မှာဖြစ်ကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာအနီး စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားပြီး မန်နောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦးအသက်သေဆုံးခဲ့ရသည်။

ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော SSPP/SSA၊ TNLA၊ KIA နှင့် MNDAA တို့လည်း သွားလာလှုပ်ရှားရာ နယ်မြေဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...